ပြည်သူကို ဗိုလ်ကျနေတဲ့ လှိုင်သာယာ ပျူစောထီးခေါင်းဆောင်ဆိုသူ ရှင်းလင်းခံရ

ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ၅ ရပ်ကွက်က ပြည်သူတွေကို နိုင်ထက်စီးနင်းပြုမူနေတဲ့ ပျူစောထီး ခေါင်းဆောင်ဆိုသူတဦးကို ရှင်းလင်းလိုက်တယ်လို့ သိရပါတယ်။
မနေ့ကမွန်းလွဲ ၁၂ နာရီ မိနစ် ၄၀ လောက်မှာ ဒလန်အကြီးစားလို့ အများက သတ်မှတ်တဲ့ ပျူစောထီးခေါင်းဆောင် မြင့်အောင်ဆိုသူကို Spring Brothers Force က ရှင်းလင်းလိုက်တယ်လို့ ဒီကနေ့ ထုတ်ပြန်ပါတယ်။
‘သူ့ကိုလှိုင်သာယာ ၅ ရပ်ကွက်က လူတိုင်းနီးပါး သိတယ်။မိုက်တယ်၊ ဗိုလ်ကျတယ်၊ စစ်ခွေးတွေကိုလည်း အားကိုး တယ်။ လှိုင်သာယာမှာရော တွံတေးဘက်တွေမှာရော စစ်ခွေးအားကိုးတဲ့ လူမိုက်တွေ ထင်ရာစိုင်းနေကြတယ်’ လို့ ၅ ရပ်ကွက်သားတစ်ဦးက ပြောပါတယ်။
မြင့်အောင်ဟာ ပြည်သူတွေဆီကနေ ဆက်ကြေးတောင်းခြင်း၊ လူမဆန်စွာ ရိုက်နှက်ခြင်းနဲ့ မူးယစ်ရမ်းကား သောင်းကျန်းနေတယ်လို့ ရပ်ကွက်သားတွေရဲ့ တိုင်စာတွေရရှိလို့ ရှင်းလင်းလိုက်တာလို့ Spring Brothers Force ကထုတ်ပြန်ပါတယ်။