တပတ်ကြာ လျှပ်စစ်မီး ဖြတ်ထားမယ်လို့ စစ်အုပ်စု ကြေညာ

မြန်မာနိုင်ငံအတွင်း နေရာအချို့မှာ တစ်ပတ်ကြာသည်အထိ ၂၄ နာရီ လျှပ်စစ်မီးဖြတ်တောက်မှုတွေ လုပ်ဆောင်ထားမယ်လို့ စစ်အုပ်စုလက်အောက်ခံ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနက မတ်လ ၆ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။
စစ်အုပ်စုရဲ့ ကြေညာချက်မှာ မတ်လ ၁၂ ရက်ကနေ ၁၈ ရက်နေ့အထိ ၂၄ နာရီလုံးလုံး မီးဖြတ်တောက်မယ်လို့ ဆိုထားပြီး အလှည့်ကျမီးပေးနိုင်မှု အခြေအနေ ရှိ မရှိကိုပါ ဖော်ပြထားတာ မရှိပါဘူး။
ရွှေကမ်းလွန် သဘာဝဓာတ်ငွေ့စီမံကိန်းကနေ အသစ်တူးဖော်ရရှိတဲ့ တွင်းသစ် နှစ်တွင်းက သဘာဝဓာတ်ငွေ့တွေကို လက်ရှိအသုံးပြုနေတဲ့ ပိုက်လိုင်းတွေနဲ့ ချိတ်ဆက်နိုင်ဖို့အတွက် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းအချို့ ပိတ်ထားမှာဖြစ်တာကြောင့် အခုလို မီးဖြတ်ထားရမှာ ဖြစ်တယ်လို့ စစ်အုပ်စုက ဆိုပါတယ်။
လက်ရှိ လျှပ်စစ်မီးရရှိနေမှု အခြေအနေဟာ ရန်ကုန်မြို့အပါအဝင် မြန်မာနိုင်ငံအနှံ့မှာ နေ့စဉ် တစ်နေ့ကို ၁၀ နာရီခန့်သာ လျှပ်စစ်မီးရရှိနေပြီး နေ့စဉ် နာရီပေါင်း ၁၄ နာရီခန့် လျှပ်စစ်မီး ပြတ်တောက်နေပါတယ်။
ပြီးခဲ့တဲ့ အရပ်သား အစိုးရလက်ထက်မှာ တစ်နိုင်ငံလုံး မီးလင်းရေးအတွက် LNG ဓာတ်အားပေး စက်ရုံတွေကို လည်ပတ်ကာ လျှပ်စစ်မီး ဖြန့်ဝေခဲ့ပါတယ်။
အကြမ်းဖက် စစ်အုပ်စုက အာဏာသိမ်းယူပြီး တစ်နှစ်မပြည့်ခင်က စတင်ကာ လျှပ်စစ်မီး ပုံမှန်မရှိတာ မကြာခဏ ကြုံတွေ့ရပြီး အခုသီတင်းပတ်ထဲမှာတော့ ရက်နဲ့ချီ လျှပ်စစ်မီး ပုံမှန်မရတာတဲ့ အခြေအနေ ဖြစ်လာတာပါ။
“အဓိကက ရေပဲ မီးမလာရင် ရေတင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး၊ ဆိုလာနဲ့လည်း တင်လို့မရသလို မီးစက်မောင်းပြီးတင်မယ်ဆိုရင် နယ်တွေမှာတော့ အဆင်ပြေနိုင်ပေမဲ့ ကျွန်တော်တို့လို့ အထပ်မြင့် တိုက်ခန်းတွေမှာက ရေက မြေအောက်ကန်မှာ စက်ကြီးနဲ့ မောင်းဖြည့်ပြီးမှ အခန်းတွေက ခွဲယူကြရတာ ဒါကို အဆင်ပြေအောင်လုပ်ဖို့ဆိုတာ မလွယ်ဘူး၊ ပလ္လင်ပေါ် ခွေးတက်တော့ ကိုယ်အသုံးမကျ ကိုယ်မသိဘဲ ဖြစ်ချင်ရာကို ဖြစ်နေတာပါ”လို့ ရန်ကုန်မြို့ခံ တစ်ဦးကပြောပါတယ်။
၇ ရက်ကြာ ၂၄ နာရီ မီးဖြတ်တောက်ထားရာမှာ အလှည့်ကျစနစ်နဲ့ လျှပ်စစ်မီးဖြန့်ဝေပေးဖို့ အစီအစဉ်ရှိမရှိကို DNA က ရန်ကုန်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းကို ဖုန်းနဲ့ဆက်သွယ်မေးမြန်းရာမှာတော့ အလှည့်ကျပေးဖို့ ညွှန်ကြားချက်မရှိသလို အရေးပေါ်နေရာတွေအတွက် လျှပ်စစ်မီးပြတ်တောက်စေရေး မရှိစေဖို့ကိုပါ သီးသန့် ညွှန်ကြားထားတာ မရှိသေးဘူးလို့ ပြန်လည်ဖြေကြားထားပါတယ်။