လေးကေ့ကော်မှာ တကျော့ပြန် တိုက်ပွဲဖြစ်ပွားနေ

ကရင်ပြည်နယ် မြဝတီမြို့ ၊ လေးကေ့ကော်ဒေသ ရှုခင်းသာ ပန်းခြံကုန်းနေရာအနီးမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ အမြှောက်ကုန်းကနေ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့တွေ ရှိရာနေရာကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်နေတယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေအရ သိရပါတယ်။
ဒီကနေ့ မတ်လ ၇ ရက်နေ့ မနက်ပိုင်းက စတင်ကာ ပစ်ခတ်နေခဲ့တာဖြစ်ပြီး စစ်ကြောင်းထိုး တိုက်ခိုက်မှုလုပ်ဆောင်လာနိုင်တယ်လို့ သိရပါတယ်။
“လေးကေ့ကော် ခွေးကုန်းပေါ့၊ (စွယ်တော်အမြှောက်ကုန်း) မှာ ညက ပေါက်ကွဲမှုဖြစ်သံကြားတယ်။ ခဏတော့ လက်နက်ငယ် ပစ်ခတ်မှုတွေ လုပ်တယ် ၊ သူတို့ တပ်ဖွဲ့ ဝင်အချင်းချင်း ပစ်ခတ်ကြတာလို့ထင်တယ်၊ ညက ကျနော်တို့ဘက်က ပစ်ခတ်တာမရှိဘူး၊ ဒီမနက် ၆ နာရီကျော်မှာ ရသေ့ဂူ တောင်ကြောဘက်ကို စပစ်တာကနေ အခုတိုက်ပွဲဖြစ်နေတယ် ၊ ခွေးကုန်းက လက်နက်ကြီး ပစ်ထုတ်နေတယ်၊ ဆက်တိုက်ပဲ ။ ဒီနေ့မနက် ပစ်ခတ်နေတာက ပိုပြီးအင်အားသုံးလာတယ်၊ ကျနော်တို့လည်း နေရာစုံကနေ ပြန်ပြီးတိုက်နေတယ်”လို့ KNLA ပူးပေါင်းတပ်ဖွဲ့မှာ ပါဝင်တိုက်ခိုက်နေသူ တစ်ဦးက KIC သတင်းဌာနမှာ ဖြေကြားထားပါတယ်။
မတ်လ ၂ ရက်နေ့က စတင်ကာ စစ်အုပ်စုက နယ်ခြားစောင့်တပ် BGF တွေနဲ့ ပူးပေါင်းကာ စစ်အင်အားတို့ချဲ့ပြီး KNLA ပူးပေါင်းတပ်တွေရှိရာ နေရာဘက်ကို စစ်ကြောင်းထိုး နယ်မြေရှင်းလင်းရေး လုပ်ဆောင်လာခဲ့တာကြောင့် လေးကေ့ကော်ဒေသချင်းဆက် လမ်းပိုင်းဖြစ်တဲ့ ဖလူးလေး-ရသေ့ဂူလမ်းပိုင်းမှာ နေ့စဉ်ပစ်ခတ်တိုက်ခိုက်မှုတွေ ဖြစ်ပွားနေပါတယ်။
စစ်အုပ်စုက ကင်းထောက်လေယာဉ်ပျံသန်း ထောက်လှမ်းမှုတွေကို ဆက်တိုက်လုပ်ဆောင်နေတာကြောင့် လုံခြုံရေးစိုးရိမ်နေရတယ်လို့ နေရပ်မပြန်နိုင်သေးသူ ဖလူးလေးစစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။
“အခုတလောက ဒီဘက်ရွာတွေမှာ BGF တပ်နဲ့ စစ်ကောင်စီတပ်တွေက ဖလူးကြီး၊ ဖလူးလေးဘက်မှာရော လေးကေ့ကော်၊ မယ်ဝါးခီးဘက်မှာရော အင်အား တိုးလာတယ်။ KNU တပ်တွေရှိတဲ့ ရသေ့ဂူဘက် လေးကပေါ် ရေတံခွန် ဘက်ကို နယ်မြေရှင်းဖို့ ဒီရက်တွေထဲ လက်နက်ကြီးနဲ့ ဟိုပစ်ထုတ်၊ ဒီပစ်ထုတ် ရမ်းသမ်း ပစ်ခတ်တာတွေ ရှိတယ် ၊ ဒရုန်းပျံတာ၊ ကင်းထောက်လေယာဥ် ပျံတာမျိုးရှိတယ်၊ ကျနော်တို့ စစ်ရှောင်တွေစုပြီး ရှောင်နေတဲ့ဘက်တော့ သတိထားနေရတယ် ” လို့ နေရပ်မပြန်နိုင်သေးသူ စစ်ဘေးရှောင်တစ်ဦးက KIC သတင်းဌာနကို ဖြေကြားထားပါတယ်။
လေးကေ့ကော်ဒေသအတွင်း တိုက်ပွဲဖြစ်ပွားနေမှုမှာ ၃ လကျော် ကြာမြင့်နေပြီး စစ်ဘေးရှောင်ပြည်သူ ၆ ထောင်ကျော်ဟာ သောင်ရင်းမြစ်ကမ်းနားမှာ နေထိုင်နေရဆဲဖြစ်ပါတယ်။