ရွာငံမြို့နယ် လွှတ်တော် ကိုယ်စားလှယ်တစ်ဦး အပါအဝင် ပြည်သူ ၃ ဦးကို စစ်အုပ်စုက ဖမ်းဆီး

ရှမ်းပြည်နယ်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ်မှာ လွှတ်တော်ကိုယ်စားလှယ်တစ်ဦး အပါအဝင် ပြည်သူ ၃ ဦးကို အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ မတ်လ ၇ ရက်နေ့ မနက် ၄ နာရီခန့်မှာ စစ်အုပ်စုက ရွာငံမြို့နယ် အလည်ချောင်းကျေးရွာကို အင်အားအများအပြားနဲ့ ဝင်ရောက်စီးနင်းပြီး ကျေးရွာမှာ လာရောက်တိမ်းရှောင်နေသူ ရှမ်းပြည်နယ်လွှတ်တော် ရွာငံမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) ကိုယ်စားလှယ် ဦးစိုင်းဝဏ္ဏ အပါအဝင် ပြည်သူ ၃ ဦးကို ဖမ်းဆီးသွားတာပဲ ဖြစ်ပါတယ်။
“ဦးစိုင်းဝဏ္ဏက ဒီမှာလာပြီးတော့ ရှောင်တိမ်းနေတာကြာပြီ ဒလန်သတင်းပေးလို့ နေရာအတိအကျနဲ့ ဝင်စီးတာလို့ ယူဆရတယ်၊အခုထိလည်း စစ်တပ်က မပြန်သေးဘူး ရွာထဲကအိမ်တွေကို လိုက်စစ်ပြီးတော့ လူငယ်တွေကို ခေါ်စစ်နေတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဦးစိုင်းဝဏ္ဏ အပါအဝင် ဖမ်းဆီးသွားသူတွေကို စစ်အုပ်စုက ဘယ်ကိုခေါ်ဆောင်သွားတယ်ဆိုတာကိုတော့ မသိရှိရသေးပါဘူး။