လက်နက်ကြီးကျလို့ ၂နှစ်အရွယ်ကလေးနဲ့ ကိုယ်ဝန်ဆောင်မိခင်အပါအဝင် ပြည်သူ ၇ဦးအသက်ဆုံးပါး

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ် အခြေစိုက် အကြမ်းဖက်စစ်အုပ်စုက လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် မူတြော်ခရိုင် ဘူးသိုမြို့နယ် မယ်ကလောကျေးရွာအုပ်စု ကလော်ဒေးကျေးရွာက ၂နှစ်အရွယ် ကလေးငယ်တစ်ဦးနဲ့ ကိုယ်ဝန်ဆောင်မိခင်အပါအဝင် ပြည်သူ ၇ဦး အသက်ဆုံးပါးခဲ့တယ်လို့ ကရင်​ငြိမ်းရေးအထောက်အကူပြုကွန်ယက်က ထုတ်ပြန်ပါတယ်။
မနေ့က မတ်လ ၅ရက်နေ့ ည၇နာရီ ၂၀မိနစ်လောက်မှာ အကြမ်းဖက်စစ်အုပ်စုက ကလော်ဒေးကျေးရွာဘက်ကို လက်နက်ကြီးတွေနဲ့ ရမ်းသိမ်းပစတ်ခတ်ခဲ့တာကြောင့် အသက် ၂ နှစ်အရွယ် နော်တာလူ၊ အသက် (၅) နှစ်အရွယ် နော်ထူးဖော၊ အသက် (၁၄) နှစ်အရွယ် နော်တင်နီလာဝင်း၊ အသက် ၁၉ နှစ်အရွယ် စောဒေးဖိုး၊ အသက် ၄၀ အရွယ် စောကေ၊ အသက် ၂၂ နှစ်အရွယ် နော်အယ်မူးနှင့် အသက် ၃၂ နှစ်အရွယ် နော်ဖောဝါးတို့ လက်နက်ကြီးထိမှန် သေဆုံးခဲ့ကာ အသက် ၃ နှစ်အရွယ် စောကျော်ဘိ၊ အသက် (၁၇) နှစ်အရွယ် နော်စပေါ်၊ အသက် ၂၈ နှစ်အရွယ် နော်ကလိဆဲ နဲ့ အသက် ၂၈ နှစ်အရွယ် မောင်ညွန့်ထူးအပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ KPDN ရဲ့ ပြောရေးဆိုခွင့်ရှိသူ နော်ဝါးခူရှီးက ပြောပါတယ်။
“ရွာသားတွေက ပြန်လာအိပ်တဲ့အချိန်မှာ ဖာပွန်ဘက်မှာရှိတဲ့ စစ်တပ်စခန်းကနေ လက်နက်ကြီးနဲ့ ပစ်လိုက်တာ အဲ့မှာ ၇ ယောက်သေသွားတယ်။ ၄ ယောက်က ဒဏ်ရာ ပြင်းပြင်းထန်ထန် ရသွားတယ်။ ဒဏ်ရာ ရတဲ့အထဲမှာလည်း ၃ နှစ်အရွယ်တစ်ယောက်ပါတယ်။”လို့ နော်ဝါးခူရှီးက KICသတင်းဌာနမှာ ဖြေကြားထားပါတယ်။
Source-KIC
ဓာတ်ပုံ-CJ