Thanlyin Informations မီဒီယာက သတင်းသမားတွေဖမ်းဆီးခံရ

ရန်ကုန်မြို့ သန်လျင်မြို့နယ်အတွင်းက နွေဦးတော်လှန်ရေးသတင်းတွေကို တင်ဆက်ပေးနေတဲ့ Thanlyin Informations မီဒီယာက Admin နဲ့ သတင်းသမားတွေကို အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးထားတယ်လို့ Thanlyin Informations ရဲ့ မိတ်ဖက်သတင်းဌာနတစ်ခုဖြစ်တဲ့ Khayan Channel က ဖော်ပြလာပါတယ်။
Admin တွေနဲ့ သတင်းထောက်ကို ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာ စစ်အုပ်စုက ဖမ်းဆီးခဲ့တာဖြစ်ပြီး Thanlyin Informations ရဲ့ သတင်းကွန်ရက်စာမျက်နှာကိုလည်း စစ်အုပ်စုက ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။
Thanlyin Informations သတင်းကွန်ရက်စာမျက်နှာမှာ သတင်းတွေ တင်ဆက်မှုဟာ ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှစတင်ကာ ရပ်တန့်နေခဲ့ပြီး တယ်လီဂရမ် စာမျက်နှာကတော့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ကတည်းက ရပ်တန့်နေခဲ့တာပဲဖြစ်ပါတယ်။
Thanlyin Informations မီဒီယာရဲ့ မူရင်းသတင်းကွန်ရက်စာမျက်နှာဟာ Reports တွေထိပြီး ပျက်ကျသွားပြီးနောက် ထပ်မံဖွင့်လှစ်ထားတဲ့ Thanlyin Informations – TL INFO သတင်းကွန်ရက်စာမျက်နှာကိုလည်း စစ်အုပ်စုက ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။
ပြည်သူတွေအနေနဲ့ Thanlyin Informations – TL INFO စာမျက်နှာကို သတင်းတွေ ပေးပို့တာတွေ မလုပ်ဆောင်တော့ဖို့လည်း ဒေသတွင်း သတင်းမီဒီယာတွေက တိုက်တွန်းထားပါတယ်။