ပုလဲမြို့ပေါ် ကင်းလှည့်ယာဉ် မိုင်းဆွဲခံရ၊ အကြမ်းဖက်စစ်သား ၇ ဦးသေ

စစ်ကိုင်းတိုင်း၊ ပုလဲမြို့ပေါ်က စိုက်ပျိုးရေးဘဏ်အနီးမှာ အကြမ်းဖက်စစ်တပ် ကင်းလှည့်ကားနဲ့ဆိုင်ကယ် မိုင်းဆွဲခံရပြီး ၇ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
မတ်လ ၅ ရက်နေ့ ည ၉ နာရီ မိနစ်၂၀ လောက်မှာ ပုလဲမြို့ပေါ် အိမ်စီးကားတစ်စီး၊ ဆိုင်ကယ်၂ စီးနဲ့ ကင်းလှည့် နေတဲ့ အကြမ်းဖက်စစ်တပ်ကို ပုလဲအခြေစိုက် ဒေါင်းနက်ပြောက်ကျားတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
‘မိုင်းဆွဲခံရပြီးတော့ ၁၂ နာရီ၊ တစ်ချက်လောက်အထိ စစ်ခွေးတွေ ရမ်းပြီးလျှောက်ပစ်နေတာ၊ သေနတ်တွေနဲ့ရော လက်နက်ကြီးတွေရော။ နောက်ထပ်အလုပ်ခံရမှာစိုးလို့ ကြောက်ပစ်ပစ်တာ’ လို့ ဒေါင်းနက်ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ရဲဘော်ပေက ပြောပါတယ်။
အခုလို ပုလဲမြို့ပေါ်မှာ အကြမ်းဖက်စစ်တပ်က မိုင်းဆွဲတိုက်ခိုက်ခံရပြီး အသေအပျောက်ရှိတဲ့ ဖြစ်စဉ်ဟာ ပထမအကြိမ်ဖြစ်ကြောင်းလည်း သိရပါတယ်။
အခုအခါ ပုလဲမြို့ပေါ်နဲ့ အနီးဝန်းကျင်ရွာတို့က ဒေသခံတွေဟာ အကြမ်းဖက်စစ်တပ်ရန်ကြောင့် ပြောင်းရွှေ့ နေကြတာကြောင့် မြို့ပျက်ကြီးလို ဖြစ်နေပြီလို့ သိရပါတယ်။
‘မြို့ပေါ်ကလည်း ဘေးလွတ်ရာ ရွာတွေဘက်ပြောင်းရွှေ့၊ ရွာတွေကလည်း ထိုးစစ်တွေကြောင့် ကျီးလန့်စာစား ဖြစ်နေတယ်’ လို့ ရဲဘော်ပေက ဆိုပါတယ်။