စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် ကျွန်းလယ်ကျေးရွာမှာရှိတဲ့ CDM ကျောင်းဆရာ နေအိမ်နဲ့ ပြည်သူတွေရဲ့ နေအိမ်အချို့ကို အကြမ်းဖက်စစ်အုပ်စုက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးက သတင်းထုတ်ပြန်လိုက်ပါတယ်။
ဒီကနေ့ မတ်လ ၆ ရက်နေ့ မနက်ပိုင်းမှာ အကြမ်းဖက်စစ်အုပ်စုက ကျွန်းလယ်ကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးခဲ့ရာမှာ ကျေးရွာစာသင်ကျောင်းကိုပါ ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
စစ်အုပ်စုရဲ့ စစ်ကြောင်းဟာ ရွှေယမင်းကျေးရွာ မြောက်ဘက်ကနေ အရှေ့မြောက်ဘက်ကို ဆက်လက်ထွက်ခွာသွားတယ်လို့ သိရပါတယ်။
စစ်ကိုင်းတိုင်းအတွင်းမှာ အကြမ်းဖက်စစ်အုပ်စုက အင်တာနက်တွေကို ဖြတ်တောက်ထားပြီး သာလွန်စစ်အင်အားနဲ့ စစ်ကြောင်းထိုးတိုက်ခိုက်နေတာပါ။မနေ့က မတ်လ ၅ ရက်နေ့မှာလည်း ခင်ဦးမြို့နယ်အတွင်းက ဒါန်းကုန်းနဲ့ မှန်တောကျေးရွာတွေကို စစ်အုပ်စုက မီးရှို့ဖျက်ဆီးခဲ့ပါတယ်။