ရုရှားကျူးကျော်မှု ပေါ်ပေါက်ခဲ့တဲ့နောက်ပိုင်း ယူကရိန်းမှာ ပညာသင်ယူနေကြတဲ့ နိုင်ဂျီးရီးယားနိုင်ငံသား ၄၀၀ ကျော်ဟာ မတ်လ ၄ ရက်နေ့မှာ လေကြောင်းကနေ မိခင်နိုင်ငံပြန်ကြရပါတယ်။
အဆိုပါကျောင်းသားတွေကို ရိုမေးနီးယားနိုင်ငံ ဘူခါရက်စ်မြို့တော်က ကယ်ဆယ်ရေးလေကြောင်းနဲ့ ပြန်လည်ပို့ဆောင်ပေးခဲ့တာဖြစ်ပြီး နိုင်ဂျီးရီးယား နိုင်ငံခြားရေးဝန်ကြီးရုံးက အရာရှိတစ်ဦးဖြစ်တဲ့ ဂေဘရီယယ် အဒူဒါက ကျောင်းသား ၄၁၅ ဦးကို ပြန်လည်ခေါ်ဆောင်နိုင်ခဲ့ကြောင်း twitter မှာ တင်ထားခဲ့ပါတယ်။
ပြန်ရောက်လာကြတဲ့ ကျောင်းသားတွေဟာ ခရီးပန်းနေပုံရပေမယ့် လုံလုံခြုံခြုံ ပြန်ရောက်လာနိုင်ခဲ့တာကြောင့် စိတ်သက်သာရာ ရသွားကြပါတယ်။
ယူကရိန်းနိုင်ငံမှာ စစ်ပွဲတွေမဖြစ်ခင်ကာလက နိုင်ဂျီးရီးယားနိုင်ငံသားပေါင်း ၈,၀၀၀ ရှိခဲ့ပြီး ၅,၆၀၀ ဟာ ကျောင်းသားတွေဖြစ်တယ်လို့ သိရပါတယ်။ အဲဒီထဲက မိခင်နိုင်ငံ ပြန်လာကြမယ့် ကျောင်းသားတွေကို ရိုမေးနီးယား၊ ဆလိုဗက်ကီးယား၊ ဟန်ဂေရီနဲ့ ပိုလန်နိုင်ငံတို့ကတဆင့် ပြန်လည်ခေါ်ယူဖို့ စီစဉ်နေတာပါ။
နယ်စပ်တွေတဆင့် ယူကရိန်းနိုင်ငံကို စွန့်ခွာပြေးကြရတဲ့ နိုင်ဂျီးရီးယားကျောင်းသားတွေဟာ နိုင်ငံကူးရာမှာ လူမျိုးရေး ခွဲခြားဆက်ဆံမှုတွေနဲ့ ကြုံရတာတွေရှိသလို တချို့နိုင်ဂျီးရီးယား ကျောင်းသားတွေကတော့ ယူကရိန်းတွေနဲ့အတူ ကာကွယ်ရေးတပ်ဖွဲ့တွေမှာ ဝင်ရောက်ဖို့ စာရင်းသွင်းကြတာတွေလည်း ရှိကြပါတယ်။