ပြည်ကနေအိမ်တချို့ကို မြို့ရိုးနဲ့မလွတ်ဘူးဆိုပြီး ဘူဒိုဇာနဲ့ထိုးဖျက်နေ

ပဲခူးတိုင်း၊ ပြည်မြို့ ရွှေတံခါးဘူတာ ပတ်ဝန်းကျင်က နေအိမ်တွေ ကိုသရေခေတ္တရာမြို့ရိုးနဲ့ မလွတ်ဘူးလို့ဆိုကာ ဘူဒိုဇာနဲ့ထိုးဖျက်နေတယ်လို့ သိရပါတယ်။
မတ်လ ၄ ရက်နေ့ မနက်ကစပြီး ပြည်မြို့ ရွှေတံခါးရပ်ကွက် ၊ရွှေတံခါးဘူတာ ပတ်ဝန်းကျင်က နေအိမ်တွေနဲ့ခြံစည်းရိုး အုတ်တံတိုင်းတွေကို ရှေးဟောင်းသုတေသနဌာန ပိုင်မြေလို့ ဆိုကာ ဘူဒိုဇာနဲ့ ထိုးပြီး ဖယ်ရှားဖျက်ဆီးနေသလို ကျန်သေးတဲ့အိမ်တွေကိုလည်း ရက်ပိုင်းအတွင်းအပြီးဖယ်ပေးဖို့ အမိန့်ထုတ်ထားတယ်လို့သိရကြောင်း Pyay Underground News (PUGN) က ဆိုပါတယ်။
‘နေဝင်းအာဏာသိမ်းပြီးခါစက ကျောက်ရူးထပြီးလုပ်သလို ဒီလောက်အဆင်မပြေတဲ့ကာလကြီးမှာ ပြည်သူတွေကိုထပ်ဒုက္ခပေးတာပေါ့။ပြည်မှာ နဝဒေးလမ်းမကြီးဘေးကအိမ်တွေကိုလည်း ဖျက်မယ်လို့ သိရတယ်’လို့ ပြည်တက္ကသိုလ်အနီးနေ တက်ကြွလှုပ်ရှားသူတစ်ဦးကပြောပါတယ်။
ငါးရွာ အုပ်စု ၊ကန်သာယာရပ်ကွက်၊နဂါးတွန့်တံခါးရှေ့ ကအိမ်တွေကိုလည်း မြို့ရိုးနဲ့မလွတ်ဘူးဆိုကာ လာဖျက်မယ်လို့ ဆိုကြောင်း ​PUGN ကဆိုပါတယ်။
ပြည်မြို့ နဝဒေးလမ်းမကြီး ဘေး ၇၅ ပေထဲပါနေတဲ့ အိမ်တွေကိုဖျက်မယ်လို့ သိရသလို ပြည်မြို့အဝင် ဆယ်ထပ်ကြီးဘုရားနောက်ကျောကိုလည်း လမ်းဘေး ပေ ၅၀ အတွင်း ပါနေတဲ့အိမ်တွေကို ဖျက်မယ်လို့ သိထားကြောင်း PUGN ကဆိုပါတယ်။
‘ကျွန်တော်မြင်တာက ပြည်သူတွေ အဆင်မပြေတာများနေရင် သူတို့ကိုတော်လှန်ဖို့ အာရုံမရောက်နိုင်ဘူးဆို တဲ့အထင်နဲ့ ပြည်သူတွေကို လိုက်ဒုက္ခပေးတာလို့မြင်မိတယ်’လို့ တက်ကြွလှုပ်ရှားသူကဆိုပါတယ်။
မတ်လ ၃ ရက်နေ့ညကလည်း ပြည်မြို့၊ဗိုလ်ချုပ်လမ်းပေါ်ရှိ ကွမ်းယာဆိုင်တွေကို ကြိုတင်အသိပေးခြင်း မရှိဘဲ ညအချိန် စစ်တပ်က ကားနဲ့ လာသိမ်းသွားတယ်လို့လည်း ဆိုပါတယ်။