အကြမ်းဖက်စစ်အုပ်စုဟာ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် MNDAA (ကိုးကန့်) ကို စစ်ကြောင်းထိုး တိုက်ခိုက်နေပြီး မုံးကိုးဒေသ ပန်ဆာရွာအနီးတိုက်ပွဲအတွင်းမှာ စစ်အုပ်စုက ၁ ဦးသေဆုံးကာ ၃ ဦးဒဏ်ရာရရှိခဲ့တယ်လို့ MNDAA က ဒီကနေ့ မတ်လ ၅ ရက်နေ့မှာ သတင်းထုတ်ပြန်လာခဲ့ပါတယ်။
စစ်အုပ်စုလက်အောက် တပ် ၉၉ ဟာ အထူးဒေသ (၁) မုံးကိုးခရိုင်အတွင်း စုစည်းနေပြီး တပ်မ ၉၉ လက်အောက်ခံ တပ်ရင်း ၃၁၅၊ ၁၅၊ ၄၂၀ နဲ့ စကခ ၁၂ လက်အောက်ခံ တပ်ရင်း ၂၈၇ တို့ဟာ MNDAA ကို ထိုးစစ်ဆင် တိုက်ခိုက်နေတာကြောင့် တစ်ပတ်တာအတွင်းမှာ တိုက်ပွဲ ၄ ကြိမ်ဖြစ်ပွားခဲ့ပါတယ်။
မတ်လ ၃ ရက်နေ့ မွန်းလွဲ ၁ နာရီ ၅၈ မိနစ်ခန့်မှာ အထူးဒေသ (၁) မုံးကိုးခရိုင်း မုံးကိုးဒေသ ပန်ဆာရွာအနီးကို စစ်အုပ်စုက စစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး တစ်နာရီခန့် တိုက်ပွဲဖြစ်ပွားခဲ့ကာ စစ်အုပ်စုက ၁ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲအတွင်းမှာ MNDAA ဘက်က ထိခိုက်သူမရှိဘဲ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့တယ်လို့ သိရပါတယ်။အကြမ်းဖက်စစ်အုပ်စုဟာ အပစ်အခတ်ရပ်ဆဲရေးတွေကို တောက်လျှောက်ကြေညာနေပေမဲ့ ထိုးစစ်တွေကို နေရာအနှံ့မှာ ဆင်နွှဲနေခဲ့ပါတယ်။