စစ်အုပ်စုဟာ အစိုးရမဟုတ်တဲ့အတွက် နိုင်ငံသားဖြစ်မှုက ရပ်စဲခြင်းဟာ တရားမဝင်ဘူးလို့ NUG ဝန်ကြီးပြော

အကြမ်းဖက် စစ်အုပ်စုဟာ အစိုးရမဟုတ်တဲ့အတွက် သူတို့ထုတ်ပြန်တဲ့ နိုင်ငံသားဖြစ်မှုက ရပ်စဲခြင်းဆိုတာ တရားမဝင်ဘူးလို့ NUG အစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက ပြောပါတယ်။
NUG အစိုးရ အဖွဲ့ဝင်တွေဖြစ်တဲ့ ဦးရည်မွန် ၊ ဒေါက်တာဇော်ဝေစိုး ၊ ဦးလွင်ကိုလတ် ၊ ဒေါ်ဇင်မာအောင် ၊ ဦးအောင်မျိုးမင်း ၊ မအိသဉ္စာမောင် ၊ ဒေါက်တာဆာဆာတို့အပြင် ဦးမင်းကိုနိုင်၊ ဦးမျိုးရန်နောင်သိမ်းနဲ့ မအိပန်ဆယ်လိုတို့ကို နိုင်ငံသားအဖြစ်က ရပ်စဲကြောင်း အကြမ်းဖက်စစ်အုပ်စုက မတ်လ ၄ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့အပေါ် ဦးအောင်မျိုးမင်းက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာပေါ်ကနေ အဲဒီလို ပယ်ချလိုက်ပါတယ်။
‘ ​တရားဝင်ခဲ့မယ်ဆိုရင်​တောင် နိုင်ငံကိုချစ်တဲ့စိတ်ကို ဘယ်လိုနည်းနဲ့မှ ဟန့်တားနိုင်မှာ မဟုတ်ပါဘူး။
ကိုးကားထားတဲ့ ပုဒ်မ ၁၆ ဆိုတာနဲ့လည်း မကိုက်ညီပါဘူး’ လို့ သူကဆိုပါတယ်။ ဆက်လက်ပြီး ဦးအောင်မျိုးမင်းက သူတို့ဟာ အပြီးအပိုင် ထွက်ခွာသွားကြတာ မဟုတ်ဘဲ အမြန်ဆုံး ပြန်လာနိုင်​အောင် ကြိုးပမ်းလုပ်​ဆောင်နေတယ်လို့လည်း ဆိုပါတယ်။