ယူကရိန်းအရေး G-7 ဆွေးနွေးပွဲ ဂျပန်နိုင်ငံခြားရေးဝန်ကြီး တက်ရောက်မယ်

Photo – Reuters

အင်အားကြီး ၇ နိုင်ငံပါဝင်တဲ့ G-7 အစည်းအဝေးကို မတ်လ ၄ ရက်နေ့မှာ ကျင်းပမှာဖြစ်ပြီး ယူကရိန်းနိုင်ငံအရေးနဲ့ပတ်သက်လို့ တညီတညွတ်တည်း တုံ့ပြန်ရမယ့်ကိစ္စတွေအပေါ် ဆွေးနွေးကြမှာဖြစ်ကာ ဂျပန်နိုင်ငံခြားရေးဝန်ကြီးက တက်ရောက်မယ်လို့ သိရပါတယ်။

“လက်ရှိယူကရိန်းမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို ဘယ်လိုကိုင်တွယ်မလဲဆိုတဲ့ အမြင်တွေဖလှယ်ကြပြီး G7 နိုင်ငံတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုကို ပိုအားကောင်းစေဖို့ ဖြစ်ပါတယ်” လို့ ဘရပ်ဆဲလ်မှာကျင်းပမယ့် အစည်းအဝေးကို အွန်လိုင်းက တက်ရောက်မယ့် ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဟာယာရှိက ပြောပါတယ်။

ယူကရိန်းနိုင်ငံကို ရုရှားကျူးကျော်မှုဟာ ဥရောပတိုက်အတွင်း ဒုတိယကမ္ဘာစစ်နောက်ပိုင်း အကြီးမားဆုံးတိုက်ခိုက်မှုဖြစ်ပါတယ်။ တိုက်ခိုက်မှုတွေ ဖြစ်ပေါ်နေတာ ရက်သတ္တပတ်ကျော် ကြာမြင့်ခဲ့ပြီး ယူကရိန်းနိုင်ငံသား တစ်သန်းကျော် နိုင်ငံက ထွက်ပြေးကြရပြီး သေဆုံးမှုများလည်း ရှိတဲ့အပြင် ရုရှားကိုတော့ နိုင်ငံတကာက ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြင်းပြင်းထန်ထန် ချမှတ်နေကြပါတယ်။