စစ်ကိုင်းတိုင်းအတွင်း မြို့နယ်အများစုကို အင်တာနက်လိုင်းဖြတ်တောက်ပြီး စစ်ကြောင်းထိုးနေ

စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ်အများစုကို အင်တာနက်လိုင်းတွေ ဖြတ်တောက်ပြီး စစ်အုပ်စုက စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံ သတင်းအရင်းအမြစ်တွေက ပြောပါတယ်။
မနေ့က မတ်လ ၃ရက်နေ့ ည၁၁ခန့်က စတင်ကာ စစ်ကိုင်းတိုင်းအတွင်းမှာရှိတဲ့ မြို့နယ် ထက်ဝက်ကျော်ကို အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားပြီး စစ်အုပ်စုက စစ်ကြောင်းထိုးတိုက်ခိုက်နေတာပဲဖြစ်ပါတယ်။
ဒီကနေ့ မတ်လ ၄ရက်နေ့ မနက်ပိုင်းမှာ ဒီပဲယင်းမြို့နယ်မှာ ပြည်သူ ၉ဦးခန့်ကို အကြမ်းဖက်စစ်အုပ်စုက မီးရှို့သတ်ဖြတ်ခဲ့တာကို ဖုန်းသတင်းနဲ့ အတည်ပြုနိုင်ခဲ့တယ်လို့ ဒီပဲယင်းညီနောင်များအဖွဲ့ကလည်း သတင်းထုတ်ပြန်ထားပါတယ်။
အင်းတော်မြို့နယ်မှာလည်း အင်တာနက်လိုင်းတွေ မရရှိတော့ဘဲ စစ်အုပ်စုက စစ်ကြောင်းထိုးတိုက်ခိုက်နေတယ်လို့ Indaw Revolution-IRက သတင်းထုတ်ပြန်လာပါတယ်။
စစ်ကိုင်းတိုင်းအတွင်းမှာ စစ်ကိုင်း၊ကလေး၊မုံရွာနဲ့ ရွှေဘိုမြို့တွေကလွဲပြီး အင်တာနက်တွေ အကုန်လုံးပြတ်တောက်နေကာ စစ်အုပ်စုက သူတို့ရဲ့ စစ်ရာဇဝတ်မှုတွေ ဖုံးကွယ်ဖို့ ကြိုးစားနေခဲ့ပါတယ်။
ပြည်သူတွေအနေနဲ့ စစ်အုပ်စုရဲ့ သတင်းတွေကို နီးစပ်ရာတွေကတဆင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို သတင်းပေးပို့တာနဲ့ အဝေးရောက် မြန်မာပြည်သူ ပြည်သားတွေအနေနဲ့ လှူဒါန်းကူညီထောက်ပံ့တာတွေကို လုပ်ဆောင်ပေးဖို့ ကာကွယ်ရေးအဖွဲ့တွေက တောင်းဆိုထားပါတယ်။