မြန်မာနိုင်ငံအနေနဲ့ ယူကရိန်းပြည်သူတွေရဲ့ ဒုက္ခကို ပိုခံစားနိုင်တယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းပြေ

အကြမ်းဖက်စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ရာဇဝတ်မှုတွေကို ရင်ဆိုင်နေရတဲ့မြန်မာနိုင်ငံအနေနဲ့ ယူကရိန်းပြည်သူတွေကြုံတွေ့နေရတဲ့ ဒုက္ခကို ပိုမိုနားလည်ခံစားနိုင်တယ်လို့ သံအမတ်ကြီးဦးကျော်မိုးထွန်း ကပြောကြားလိုက်ပါတယ်။
၂၀၂၂ ခုနှစ်မတ်လ ၂ ရက်နေ့မှာ ကျင်းပတဲ့ ကုလအထွေထွေညီလာခံရဲ့ ယူကရိန်းနိုင်ငံအပေါ် ကျူးကျော်မှုအရေး ပေါ်အခြေအနေဆိုင်ရာအထူးအစည်းအဝေးမှာ ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ် ကြီးဦးကျော်မိုးထွန်းက မိန့်ခွန်းပြောကြားရာမှာ အဲဒီလိုထည့်သွင်းပြောခဲ့ပါတယ်။
ရုရှားအနေနဲ့ ယူကရိန်းနိုင်ငံကိုကျူးကျော်ဝင်ရောက်ပြီး ယူကရိန်းပြည်သူတွေအပေါ် တရားမျှတမှုမရှိတဲ့ တိုက်ခိုက်မှုတွေကို ရှုတ်ချကြောင်းနဲ့ ယူကရိန်းနိုင်ငံရဲ့ အချုပ်အခြာအာဏာကို လေးစားဖို့မြန်မာနိုင်ငံအနေ နဲ့ တောင်းဆိုကြောင်းလည်း ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံဟာ ယူကရိန်းပြည်သူတွေနဲ့အတူခိုင်မာစွာရပ်တည်ပြီး ယူကရိန်းနိုင်ငံအပေါ် ကျူးကျော်မှုဆိုင်ရာ ဆုံးဖြတ်ချက်အဆိုမူကြမ်းမှာ ပူးတွဲအဆိုရှင်အဖြစ်ပါဝင်ကာ ထောက်ခံမဲပေးမယ်လို့လည်း သံအမတ်ကြီးက ပြောပါတယ်။
ယူကရိန်းနိုင်ငံအပေါ် ကျူးကျော်မှုဆိုင်ရာ ဆုံးဖြတ်ချက်အဆိုမူကြမ်းကို ထောက်ခံမဲ ၁၄၁ မဲ၊ကန့်ကွက်မဲ ၅ မဲ၊ကြားနေမဲ ၃၅ မဲနဲ့ ကုလအထွေထွေညီလာခံ အရေးပေါ်အထူးအစည်းအဝေးက အတည်ပြုခဲ့ပြီး မြန်မာအပါအဝင်နိုင်ငံပေါင်း ၁၀၀ နီးပါးက ပူးတွဲအဆိုရှင်အဖြစ် ပါဝင်ခဲ့ပါတယ်။