ဖားကန့်မှာ စစ်အုပ်စုခန့် ဆယ်အိမ်မှူးတစ်ဦး အပစ်ခံရ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ညောင်ပင်ကုန်းအနီး အေးမြသာယာရပ်ကွက်က စစ်အုပ်စုခန့် ဆယ်အိမ်မှူးတစ်ဦးကို အမည်မသိ သေနတ်သမားနှစ်ဦးက သေနတ်နဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ မတ်လ၂ရက်နေ့ ညနေ ၄နာရီခန့်မှာ အေးမြသာယာရပ်ကွက် အပိုင်း(၁) တိုးချဲ့ရပ်ကွက် ဆယ်အိမ်မှူး ဦးကရင်ကြီးနဲ့ အမျိုးသမီးဖြစ်သူ ဆိုင်ကယ်စီးလာစဉ်မှာ ပစ်ခတ်ခံခဲ့ရပြီး ဦးကရင်ကြီးက နေရာပဲ သေဆုံးသွားတာဖြစ်တယ်လို့ သိရပါတယ်။
“ဆိုင်ကယ်ကို တားပြီးတော့ ပစ်တာလို့ ပြောတယ်၊ သူက ဆယ်အိမ်မှူးဆိုတော့ စကစနဲ့က ပက်သက်တယ် သူ့ကို သတိပေးနေတာကြာပြီ ဆက်လုပ်နေတာနဲ့ အပစ်ခံရတာနေမယ်”လို့ ဒေသခံတစ်ဦးကပြောပါတယ်။
ဖားကန့်မှာ မကြာခဏ ပစ်ခတ်မှုတွေ ဖြစ်ပေါ်နေပြီး နေရာအချို့မှာ အကြမ်းဖက်စစ်အုပ်စုနဲ့ KIAတို့လည်း ထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေခဲ့ပါတယ်။