လူသားဒိုင်းအဖြစ် အသုံးချမခံရအောင် စစ်အုပ်စုကို ဝေးဝေးကရှောင်လို့ သတိပေး

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်အတွင်းက ပြည်သူတွေအနေနဲ့ စစ်အုပ်စုရဲ့ လူသားဒိုင်းအဖြစ် အသုံးမခံရဖို့ စစ်အုပ်စုကို ဝေးဝေးကရှောင်တိမ်းနေကြပါလို့ ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတိပေးလိုက်ပါတယ်။
ဝက်လက်မြို့နယ်အတွင်းမှာ ရှိတဲ့ ပြည်သူတွေ အနေနဲ့ မတ်လ ၂ရက်နေ့မှစတင်ကာ ညနေ ၆နာရီကနေ မနက်၆နာရီအတွင်း ညပိုင်းအချိန်တွေမှာ ဖြတ်သန်းသွားလာတာတွေ မလုပ်ဆောင်ဖို့ လမ်းဘေး ဝဲ၊ယာမှာ အမှိုက်တွေ မီးရှို့တာနဲ့ ညအချိန် လယ်ကွင်းတွေမှာ ရေပေးရေယူတာမလုပ်ဆောင်ဖို့ပါ ထည့်သွင်း သတိပေးထားပါတယ်။
“မိဘပြည်သူများအနေနဲ့ အကြမ်းဖက် စစ်ကောင်စီ များ ဝင်ရောက်ခဲ့ပါက လူသားဒိုင်း အဖြစ် အသုံးပြုခံ မဖြစ်စေရေးအတွက် ဝေးဝေးက ရှောင်ကြဖို့ အထူးသတိပေးအပ်ပါသည်”လို့ ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ရွှေဘိုခရိုင် အမှတ်(၁) တပ်ရင်းမှ ဗိုလ်မြိုးကြီးက ဆိုပါတယ်။
စစ်ကိုင်းတိုင်းအတွင်းမှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး အကြမ်းဖက်စစ်အုပ်စုနဲ့ ပျူစောထီးတွေဟာ ပြည်သူတွေကို မတရားဖမ်းဆီး သတ်ဖြတ်တာတွေ ဆက်တိုက်လုပ်ဆောင်နေပါတယ်။