ချင်းပုန်းရွာက ဘုန်းကြီးကျောင်းပိုင်ငွေ သိန်း ၁၀၀ ကျော်ကို အကြမ်းဖက်စစ်တပ် လုယက်သွား

Photo- Yinmarbin Local PDF
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ချင်းပုန်းရွာ ဘုန်းကြီးကျောင်းပိုင် ကျပ်သိန်း ၁၀၀ ကျော်ကို အကြမ်းဖက်စစ်တပ်က လုယက်သွားတယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ ဖေဖေါ်ဝါရီ ၂၆ ရက်နေ့က ချင်းပုန်းရွာဝန်းကျင်ကို လေကြောင်းကနေပါ တိုက်ခိုက်ကာ ရွာထဲဝင်ရောက်စီးနင်းခဲ့ပြီးနောက် ဖေဖေါ်ဝါရီ ၂၈ ရက်နေ့က ချင်းပုန်းရွာထဲကနေ ပြန်လည်ထွက်ခွာချိန်မှာ ဘုန်းကြီးပိုင်ငွေ၊ဓမ္မာရုံတည်ဆောက်ဖို့ငွေ၊ ဘုန်းကြီးကျောင်း အလှူခံပုံးထဲကငွေတွေအပြင် ချင်းပုန်းရွာထဲက ပြည်သူတွေရဲ့ ရွှေငွေတို့ကို ပါလုယက်သွားခဲ့တာပါ။
‘ဆရာတော် ပိုက်ဆံရော၊ ဓမ္မာရုံပိုက်ဆံရော၊ အလှူခံပုံးထဲက အကြွေတွေကအစ တစ်ပြားမှမကျန်အောင် ယူသွားတယ်’ လို့ ယင်းမာပင် အခြေစိုက် PDF ခေါင်းဆောင်တစ်ဦးက ပြောပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ ချင်းပုန်းရွာထဲ တစ်အိမ်တက်ဆင်း ဝင်ရောက်ဖောက်ထွင်းကာ ဒေသခံတွေရဲ့ အိမ်တွေထဲက ရွှေနဲ့ငွေတွေကိုလည်း လုယက်သွားခဲ့ရာ ဒေသခံတွေရဲ့ ငွေ ကျပ်သိန်းတစ်ရာကျော် လုယက်ခံရတယ်လို့ သိရပါတယ်။
‘ရွာသားတွေ စာရင်းချုပ်ကြည့်တာ ဘုန်းကြီးကျောင်းငွေရော ရွာခံတွေပိုက်ဆံရော သိန်း ၂၀၀ ကျော် ၃၀၀ လောက်ပါသွား တယ်။ ရွှေတွေစာရင်းကတော့ မသိရသေးဘူး’ လို့ သူက ပြောပါတယ်။
ချင်းပုန်းရွာမှာ ပြည်သူ ၇ ဦး သတ်ဖြတ်ခံရပြီး ကား ၅ စီးနဲ့ ဆိုင်ကယ်အစီး ၅၀ ကို အကြမ်းဖက်စစ်တပ်က မီးရှို့ခဲ့တယ်လို့ Yinmarbin Local PDF က ထုတ်ပြန်ပါတယ်။
ယင်းမာပင်အခြေစိုက် PDF ခေါင်းဆောင်က ပြည်သူတွေရဲ့အိမ် ၇ လုံး မီးရှို့ခံရပြီး နွားအကြီး ၂ ကောင်၊ နွားအငယ်တစ်ကောင်နဲ့ ဝက် ၈ ကောင်လည်း အသေအပျောက်ရှိတယ်လို့လည်း ဆိုပါတယ်။
ဓားစားခံအဖြစ် ဖမ်းဆီးခံခဲ့ရတဲ့ မူကြိုကလေး ၈၀ ကတော့ အထိအခိုက်မရှိဘူးလို့ သိရပါတယ်။