ဦးဖုန်ကြားရှင် ဈာပနကျင်းပနေစဉ် စစ်အုပ်စုက MNDAAကို ထိုးစစ်ဆင်တိုက်ခိုက်

Photo- MNDAA
မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်တော် MNDAA (ကိုးကန့်) စတင်တည်ထောင်သူ ဥက္ကဌ ဦးဖုန်ကြားရှင် ဈာပနကျင်းပနေစဉ်အချိန်မှာ အကြမ်းဖက်စစ်အုပ်စုက MNDAA တပ်စခန်းတွေကို အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်နေခဲ့တယ်လို့ MNDAAက သတင်းထုတ်ပြန်လာခဲ့ပါတယ်။
ဒီကနေ့ မတ်လ ၁ရက်နေ့ မနက်ပိုင်းမှာ အထူးဒေသ(၁) မုံးကိုးခရိုင်ကို စစ်အုပ်စုက အင်အားတိုးချဲ့ပြီး MNDAA တပ်စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာပဲဖြစ်ပါတယ်။
စစ်အုပ်စုဟာ ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့ကစတင်ပြီး စစ်ကားအစီး ၄၀ ကျော်နဲ့ စတင်ဝင်ရောက်ကာ မုံးကိုးခရိုင်သွားရာ လမ်းတလျှောက်မှာရှိတဲ့ စစ်အုပ်စုတပ်အချို့ကိုလည်း စုစည်းခေါ်ယူလာခဲ့တယ်လို့ သိရပါတယ်။
စစ်အုပ်စုဟာ ဒီကနေ့ မနက် ၆ နာရီခွဲလောက်မှာ စစ်အုပ်စုရဲ့ စကခ(၁၂)လက်အောက်ခံ တပ်ရင်း ၂၈၇ ဟာ အင်အား ၈၀ကျော်နဲ့ မုံးကိုးခရိုင် မန်ကျယ်ဒေသအနောက်ဘက် တောင်ကုန်းမှာရှိတဲ့ MNDAAရဲ့ တပ်စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာပါ။
စစ်အုပ်စုက ထိုးစစ်ဆင်နေချိန်ဟာ ဥက္ကဌ ဦးဖုန်ကြားရှင်ရဲ့ ဈာပနအခမ်းအနားကျင်းပနေချိန်လည်း ဖြစ်ပြီး စစ်အုပ်စုရဲ့ ထိုးစစ်ကို MNDAAအနေနဲ့ မဖြစ်မနေ ခုခံကာကွယ်ခဲ့ရတယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်အုပ်စုခေါင်းဆောင်ဟာ မင်းအောင်လှိုင်ဟာ ဦးဖုန်ကြားရှင် ကွယ်လွန်ခဲ့တဲ့အပေါ် ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့ခဲ့ပေမဲ့ အခုလို ဈာပနအခမ်းအနား ကျင်းပနေချိန်ကို တမင်ရွေးချယ် ထိုးစစ်ဆင်နေတာပဲဖြစ်ပါတယ်။
စစ်အုပ်စုရဲ့ အပစ်အခတ်ရပ်ဆိုင်းရေး ကြေညာချက်တွေဟာ ဗလာသက်သက်ဖြစ်ပြီး အရင်အကြိမ်တွေနည်းတူ အကျိုးသက်ရောက်မှု မရှိခဲ့ဘူးလို့ MNDAAက ဆိုပါတယ်။