ပူတာအိုမြို့နယ် အင်စီယာန်ကျေးရွာကို စစ်အုပ်စုလေယာဉ်တွေ လာရောက်ပစ်ခတ်

Credit- Kachinwaves
ကချင်ပြည်နယ် ပူတာအိုမြို့နယ် အင်စိယာန်နဲ့ ဆွမ်ပီကျေးရွာကြားကို အကြမ်းဖက် စစ်အုပ်စုက ဂျက်တိုက်လေယာဉ် ၂ စီးနဲ့ လာရောက်ပစ်ခတ်နေတယ်လို့ ဒေသတွင်း သတင်းဌာနတစ်ခုဖြစ်တဲ့ Kachinwaves မှာ ဖော်ပြထားပါတယ်။
ဒီကနေ့ မတ်လ ၁ ရက်နေ့ မနက်ပိုင်းမှာ ရှိန်ဂတ်ဘွမ်ဘက်မှာ အကြမ်းဖက်စစ်အုပ်စုနဲ့ KIA တို့ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်အုပ်စုက ညနေ ၃ နာရီခန့်က စတင်ပြီး လေယာဉ်တွေနဲ့ လာရောက်ပစ်ခတ်နေတာပါ။
“လေယာဉ်နှစ်စီးနဲ့လာပစ်တယ်။ အကြိမ်ရေ အများကြီးပဲ။ တိုက်ပွဲလည်း ဖြစ်ပွားနေဆဲပဲ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
စစ်အုပ်စုက လေယာဉ်တွေနဲ့ ပစ်ခတ်မှုကြောင့် အင်စီယာန်ကျေးရွာနဲ့ ဆွမ်ပီယာန်ကျေးရွာက​ ပြည်သူတွေဟာ တောထဲကို ထွက်ပြေးတိမ်းရှောင်နေခဲ့ရပါတယ်။
အင်စီယာန် ကျေးရွာအနီးမှာ ဖေဖေါ်ဝါရီလ ၁၈ ရက်နေ့ခန့်က စတင်ပြီး အကြမ်းဖက်စစ်အုပ်စုနဲ့ KIA တို့အကြား တိုက်ပွဲတွေ ပြင်းထန်နေခဲ့တာ ဖြစ်ပါတယ်။