ခရမ်းမြို့ပေါ် သက်ကြီးအကြမ်းဖက်စစ်သား ၄၀ လောက် ထပ်တိုး ရောက်ရှိ

PHOTO-ခရမ်းချန်နယ်
ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်အတွင်း သက်ကြီးအကြမ်းဖက်စစ်တပ်အင်အား ၄၀ လောက် ထပ်တိုးရောက်ရှိလာကြောင်း သိရပါတယ်။
ခရမ်းမြို့နယ်အတွင်း အရင်က အကြမ်းဖက်စစ်သားအင်အား ၇၀ လောက်ချထားခဲ့ရာမှ ဖေဖေါ်ဝါရီ ၂၆ ရက်နေ့ကစပြီးနောက်ထပ် ၄၀ လောက် ထပ်တိုးရောက်ရှိလာတယ်လို့ ဒေသတွင်း နွေဦးတော်လှန်ရေး စာမျက်နှာ ခရမ်းချန်နယ်ကဖော်ပြပါတယ်။
ဖေဖေါ်ဝါရီလမှာ ခရမ်းမြို့နယ်အတွင်း အကြမ်းဖက်စစ်သားတွေ ဆက်တိုက်တိုက်ခိုက်ခံရပြီး အထိနာခဲ့တာကြောင့် အင်အားထပ်တိုးခြင်းဖြစ်ပြီး အခုအခါ အကြမ်းဖက်စစ်သားအင်အား ၁၁၀ လောက်ရှိနေပြီလို့ ခရမ်းချန်နယ်က ဆိုပါတယ်။
ထပ်မံရောက်ရှိလာတဲ့ အကြမ်းဖက်တပ်သား ၄၀ လောက်ဟာ အသက် ၄၅ နှစ်လောက်ကနေ ၆၀ ဝန်းကျင်အထိရှိတဲ့သက်ကြီးပိုင်းတွေ ဖြစ်တယ်လို့ သိရပါတယ်။
‘မနေ့မနက်က စစ်ကား ၄ စီးနဲ့ သက်ကြီးပိုင်းတွေ ထပ်ရောက်လာတယ်လို့ ဖရဲသီးတွေက သတင်းပို့တယ်လို့ သိရတယ်’ လို့ ခရမ်းမြို့ပေါ်နေ တက်ကြွလှုပ်ရှားသူ တစ်ဦးကပြောပါတယ်။
ဖေဖေါ်ဝါရီ ၂၅ ရက်နေ့ ည ၈ နာရီလောက်က ခရမ်းမြို့နယ်၊ဘုရားပျိုရဲစခန်းကို ခရမ်း PDF ကအဝေးပစ်လောင်ချာနဲ့ ပစ်ခတ်ခဲ့သလို ဖေဖေါ်ဝါရီ ၂၂ ရက်နေ့ ညဦးပိုင်းကလည်း အကြမ်းဖက်စစ်သားတွေ တပ်စွဲထားတဲ့ ခရမ်းမြို့ပေါ်က ပညာရေးမှူးရုံးမှာ အင်အားပြင်းဗုံးပေါက်ကွဲကာ အကြမ်းဖက်စစ်သားတွေ သေဆုံးခဲ့ပါတယ်။
ခရမ်းမြို့မှာ နောက်ထပ်ဗုံးသံနဲ့ သေနတ်သံ ထွက်ပေါ်ရင် မြို့အဝင်အထွက်လမ်းတွေကို ၁၀ ရက်ကြာ ပိတ်ထားမယ်လို့ အကြမ်းဖက်တပ်ကပြောကြောင်း သတင်းထွက်ပေါ်နေပါတယ်။