ကချင်ပြည်နယ် ပူတာအိုမြို့နယ်မှာ စက်သုံးဆီပြတ်လပ်မှုမှာ ရက်ရှည်ကြာမြင့်ခဲ့ပြီးနောက် ဒီကနေ့ ဖေဖေါ်ဝါရီလ ၂၆ ရက်နေ့မှ စတင်ကာ ဖုန်းလိုင်းတွေပါ ပြတ်တောက်သွားခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပူတာအိုမြို့မှာ တိုက်ပွဲတွေ ဖြစ်ပွားပြီးနောက် မြို့အဝင်အထွက် ပိတ်ထားခဲ့ရာမှ စက်သုံးဆီသယ်ယာဉ်တွေ ဝင်ရောက်လာနိုင်ခြင်း မရှိတော့ဘဲ မြို့အတွင်းမှာ စက်သုံးဆီလုံးဝဝယ်ယူမရရှိတော့ဘူးလို့ သိရပါတယ်။
“ဆီကားတွေက လာမရတော့ ဆီစျေးက အရမ်းမြင့်တက်တယ်၊ အခုကျတော့ စျေးကြီးပေးမယ်ဆိုရင်တောင် ဆီကဝယ်မရတော့ဘူး လုံးဝကို ဆီပြတ်သွားတာ၊ ဖုန်းလိုင်းပြတ်တာကတော့ တာဝါတိုင်တွေက မီးစက်တွေက ဆီထည့်ဖို့ ဆီမရှိတော့လို့ လိုင်းတွေပြတ်တာ ဆိုလာနဲ့ကျတော့လည်း နေသိပ်မထွက်တော့ အဆင်မပြေဘူး၊ MPTတော့ နည်းနည်းမိသေးတယ် ကျန်တဲ့ဟာတွေက လုံးဝမမိတော့ဘူး” လို့ ပူတာအိုမြို့ကို ယခင်က ကုန်စည်ပို့ဆောင်နေသူ ကုန်တင်ယာဉ်မောင်းတစ်ဦးက ပြောပါတယ်။
ဒေသတွင်း စက်သုံးဆီရရှိမှု မရှိတော့ကြောင့် သွားလာရေးခက်ခဲနေပြီး စီးပွားရေးလုပ်ငန်းတွေပါ ရပ်နားထားလိုက်ရတယ်လို့ သိရပါတယ်။