စစ်အုပ်စုထုတ်ကုန် မြန်မာဘီယာကိုဆက်လက်ရောင်းချနေတဲ့ ရန်ကုန်မြို့က စားသောက်ဆိုင်နဲ့ ကုန်စုံ ဆိုင် ၁၅ ဆိုင်ကို သတိပေးဖောက်ခွဲခဲ့တယ်လို့ သိရပါတယ်။
စစ်အုပ်စုထုတ်ကုန်မြန်မာဘီယာကို သပိတ်မှောက်ဖို့ တော်လှန်ရေးအင်အားစုတွေက သတိပေးခဲ့တာ တစ်နှစ် ကျော်ကြာတဲ့အထိ ဆက်လက်ရောင်းချနေတဲ့ ရန်ကုန်၉မြို့နယ်က ဆိုင်တွေကို ဖေဖေါ်ဝါရီ ၂၄ ရက်နေ့မှာ သတိပေးဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း Yangon Urban Guerrillas က ယမန်နေ့ညက ထုတ်ပြန်ပါတယ်။
‘ကျွန်တော်တို့လှိုင်ကတချို့ဆိုင်တွေဆိုရင် စစ်တပ်ကိုဆန့်ကျင်တယ်ပြောပြီး စီးပွားရေးက စီးပွားရေးပဲဆိုပြီး ရောင်းနေကြတာပဲ’လို့ လှိုင်မြို့နယ်၊ဘူတာရုံလမ်းနေပြည်သူတစ်ဦးက ပြောပါတယ်။
စတိုးဆိုင်နဲ့ စားသောက်ဆိုင်ပိုင်ရှင်တွေအနေနဲ့ မြန်မာဘီယာ နဲ့ တခြား စစ်တပ်ထုတ်ကုန်တွေကို ရောင်းချခြင်း လုံး၀မပြုလုပ်ကြဖို့နဲ့လိုက်နာခြင်းမရှိဘဲ ဆက်လက်ရောင်းချနေတဲ့ ဆိုင်တွေကို အကြမ်းဖက်စစ်တပ်ရဲ့ ဖက်ဆစ်ထောက်တိုင်အဖြစ်သတ်မှတ်ပြီး ခြွင်းချက်မရှိ ရှင်းလင်းသွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
ရန်ကုန်တောင်ပိုင်းခရိုင်သုံးခွမြို့၊အောင်ဇေယျလမ်းနေတက်ကြွလှုပ်ရှားသူတစ်ဦးက ‘ကျွန်တော်တို့ သုံးခွမြို့ ဆိုပိုဆိုးပါတယ်။ဆိုင်တချို့ဆို ဗြောင်ရောင်းချကြတယ်။ကိုယ့်စီးပွားရေးကိုယ်လုပ်တာ ဘယ်သူ့မှဂရုမစိုက်ဘူး ဆိုတာမျိုးတွေ တောင်ရှိတယ်’လို့ ပြောပါတယ်။
စစ်တပ်ထုတ်ကုန်တွေကို ဝယ်ယူအားပေးခြင်းဟာ ဖက်ဆစ်လုပ်ရပ်တွေကို ငွေပေးနေခြင်းဖြစ်တဲ့အတွက် အဲဒီလိုလူတွေကို လူ့အခွင့်အရေးချိုးဖောက်သူ၊ဖက်ဆစ်အားပေးသူအဖြစ် မှတ်ယူမယ်လို့လည်း Yangon Urban Guerrillas ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။