မိတ္ထီလာမှာ အရက်မူးနေတဲ့စစ်အုပ်စုက ပြည်သူတွေကို အကြောင်းမဲ့ပစ်ခတ်၊ ပြည်သူတစ်ဦးဆုံးပါး

မန္တလေးတိုင်း မတ္ထီလာမြို့မှာရှိတဲ့ အကြမ်းဖက်စစ်အုပ်စုပိုင် အင်းဝဘဏ်မှာ အစောင့်ကျနေတဲ့ အကြမ်းဖက်စစ်အုပ်စုက လမ်းသွားလမ်းလာပြည်သူတွေကို အကြောင်းမဲ့ ရန်ပြုပစ်ခတ်ခဲ့တာကြောင့် ပြည်သူတစ်ဦးသေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့က ဖေဖေါ်ဝါရီလ ၂၃ရက်နေ့ ည၇နာရီ ၃၀မိနစ်ခန့်မှာ အင်းဝဘဏ်မှာ အစောင့်ကျနေတဲ့ အကြမ်းဖက်စစ်အုပ်စုဟာ အမျိုးသားနှစ်ဦး ဆိုင်ကယ်မောင်းနှင်လာသည်ကို အကြောင်းမဲ့ ပစ်ခတ်ခဲ့ပြီး တစ်ဦးသေဆုံးကာ တစ်ဦးထွက်ပြေးခဲ့ရတယ်လို့ သိရပါတယ်။
ပစ်ခတ်မှုအပြီး ခတ္တအကြာမှာ ထပ်မံဆိုင်ကယ်မောင်းနှင်လာသူတစ်ဦးကို နောက်တစ်ကြိမ် ထပ်မံပစ်ခတ်ခဲ့ရာ ဒဏ်ရာရရှိပြီး ဆေးရုံတင်ထားခဲ့ရတယ်လို့ သိရပါတယ်။
“မနေ့ည (၇)ခွဲလောက်မှာ ဘစ်အစောင့်တွေက မူးရုူးပြီး ဆိုင်ကယ် နှစ်ယောက်စီးလို့ ပစ်တာတဲ့။ အနောက်က တစ်ယောက်က ပြုတ်ကျကျန်ခဲ့ပြီး ဆုံးသွားတယ်ပြောတယ်။ နောက်ပြီး (ရး၄၅)လောက်မှာ LGBT အမျိုးသမီးရဲ့ ဆိုင်ကယ် ထပ်ပစ်ခံရတာ။ သူက တစ်ဦးတည်း စီးလာတာကို ပစ်ခံရတာတဲ့။ နံရိုး သုံးချောင်းကျိုးလို့ စစ်ဆေးရုံမှာ တင်ထားရတယ်ပြောတယ်”လို့ ဒေသခံတစ်ဦးက MFPသတင်းဌာနမှာ ဖြေကြားထားပါတယ်။
မိတ္ထီလာမြို့မှာ စစ်အုပ်စုက ဆိုင်ကယ်တစ်စီးကို အမျိုးသားနှစ်ဦးအတူတွဲစီးတာကို တားမြစ်ထားပြီး အမျိုးသားနှစ်ဦးတွဲစီးလာတဲ့ ဆိုင်ကယ်တွေကိုလည်း ဖမ်းဆီးငွေညှစ်မှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။