ရုရှားစစ်တပ်တွေဟာ ယူကရိန်းမြောက်ပိုင်း ၊ တောင်ပိုင်းနဲ့ အရှေ့ပိုင်းက နယ်စပ်ဒေသတွေကို ဖြတ်ကျော်ဝင်လာနေတယ်လို့ နိုင်ငံတကာသတင်းမီဒီယာတွေ ဖော်ပြချက်အရ သိရပါတယ်။
ရုရှားရဲ့ တိုက်ခိုက်မှုကြောင့် လူ ၇ယောက်မနည်း သေဆုံးခဲ့ပြီး ၁၉ယောက် ပျောက်ဆုံးနေတယ်လို့ ယူကရိန်း ရဲတပ်ဖွဲ့က ပြောပါတယ်။
ဒါ့အပြင် ယူကရိန်းသမ္မတရုံးက ထုတ်ပြန်ချက်အရ ယူကရိန်းစစ်သား ၄၀ကျော် သေဆုံးခဲ့တယ်လို့ ဖော်ပြထားပေမယ့် အခြေအနေအသေးစိတ်ကို မသိရသေးဘူးလို့ BBC သတင်းဌာနက ဆိုပါတယ်။
ယူကရိန်းနယ်ခြားစောင့်တပ်ဖွဲ့ရဲ့ CCTV ရုပ်သံမှတ်တမ်းတွေအရ ရုရှားတင့်ကားတွေဟာ ခရိုင်းမီးယားဒေသကနေတဆင့် ဖြတ်ကျော်ဝင်ရောက်လာတာကို တွေ့ရပါတယ်။
ယူကရိန်းနိုင်ငံကို အထူးစစ်ဆင်ရေးလုပ်ဆောင်သွားမယ်လို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က ဒီကနေ့ ဖေဖော်ဝါရီလ ၂၄ရက်မှာ နိုင်ငံရုပ်သံမိန့်ခွန်းမှာ ကြေညာအပြီးမှာပဲ ရုရှားဘက်က ယူကရိန်းကို လက်နက်ကြီးတွေနဲ့ စတင်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။