အမျိုးသား ညီညွတ်ရေးအစိုးရ၊ စီးပွားရေးနဲ့ ကူးသန်ရောင်းဝယ်ရေး ဝန်ကြီးဌာနက ဒီနေ့ရက်စွဲနဲ့ Yangon Aerodrome Company Ltd (Subsidiary of Asia World Group)၊ Asia Sun Energy (PUMA Energy ကုမ္ပဏီ၏ ပြည်တွင်းမိတ်ဖက်ကုမ္ပဏီ) နဲ့ Myat Myittar Mon Group of Companies (မြတ်မေတ္တာမွန် ကုမ္ပဏီအုပ်စု) တို့ကို အကြမ်းဖက်စစ်ကောင်စီထံသို့ လေယာဉ်ဆီတင်သွင်းပံ့ပိုးပေးနေပြီး အကြမ်းဖက်မှုနှင့် စစ်ရာဇဝတ်မှုအားပေးသော စီးပွားရေးလုပ်ငန်းများအဖြစ် အမည်ပျက်စာရင်းသွင်းကြောင်း ထုတ်ပြန်ကြေညာလိုက်ပါတယ်။
အကြမ်းဖက်စစ်အုပ်စုကို လေယာဉ်ဆီ တင်သွင်းပံ့ပိုးနေတဲ့ လုပ်ငန်းများဆိုင်ရာ အချက်အလက်တွေကို စီးပွားရေးဆိုင်ရာ ထောက်လှမ်းရေး ညွှန်ကြားရေးမှူးရုံးက စစ်ဆေးစုံစမ်း အတည်ပြုထားတဲ့ ကုမ္ပဏီတွေဖြစ်ပြီး စုံစမ်းစစ်ဆေးဆဲ ကုမ္ပဏီတွေ ဆက်လက်ထုတ်ပြန်ဦးမယ်လို့ ဆိုပါတယ်။
အဆိုပါ ကုမ္ပဏီများရဲ့ ဆက်စပ်ထုတ်ကုန်ပစ္စည်းများနဲ့ ဝန်ဆောင်မှုများကို ဝယ်ယူသုံးစွဲခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်း၊ သိုလှောင်ဖြန့်ဖြူးရောင်းချခြင်း၊ Business to Business ချိတ်ဆက်ဆောင်ရွက်ခြင်း၊ ငွေပေးငွေယူပြုလုပ်ခြင်း မပြုလုပ်ကြဖို့နဲ့ အဆိုပါ လုပ်ရပ်များကို အကြမ်းဖက်မှု၊ စစ်ရာဇဝတ်မှု ကျူးလွန်ရန် ထောက်ခံအားပေးသော လုပ်ရပ်များအဖြစ် သတ်မှတ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ထည့်သွင်းဖော်ပြထားပါတယ်။