အကြမ်းဖက်စစ်အုပ်စုက မတရားဖမ်းဆီး ထိန်းသိမ်းခဲ့တဲ့ ကျောင်းသားခေါင်းဆောင်ဟောင်းတစ်ဦးဖြစ်ပြီး နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုမင်းသွေးသစ် လွတ်ရက်စေ့ပြီး အင်းစိန်အကျဉ်းထောင်က ပြန်လည်လွတ်မြောက်လာပြီဖြစ်တယ်လို့ မိသားစုဝင်တွေထံက သိရပါတယ်။
အကြမ်းဖက်စစ်အုပ်စုက အာဏာသိမ်းယူလိုက်တဲ့ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ ၁ ရက်နေ့မှာပဲ စစ်အုပ်စုက ကိုမင်းသွေးသစ်ကို အကြောင်းမဲ့ ဖမ်းဆီးသွားပြီးနောက် အင်းစိန်ထောင် အထူးတရားရုံးမှာ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေနဲ့ တရားစွဲဆိုကာ ထောင် ၁ နှစ် ချမှတ်ခဲ့တာပဲဖြစ်ပါတယ်။
“ဒီနေ့ မနက်ပိုင်းမှာပဲ ကိုမင်းသွေးသစ် အင်းစိန်ထောင်က လွတ်ရက်စေ့လို့ ပြန်လည်လွတ်မြောက်လာပါပြီ။ စိတ်ပူပြီး သတင်းမေးကြတဲ့သူတယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ်။လောလောဆယ်မှာတော့ သူ့အစာအိမ်ရယ်၊ခါးကိုက်တာနဲ့ မျက်လုံးနှစ်ဖက်က နည်းနည်းဝါးနေတာကြောင့် အနားယူဖို့နဲ့ Medical check up လုပ်ဖို့ လိုနေပါတယ်။အခု ကိုမင်းသွေးသစ်အနေနဲ့ မီဒီယာတွေကို အင်တာဗျူးမပေးနိုင်တာကိုလည်း နားလည်ပေးဖို့ မေတ္တာရပ်ခံပါတယ်ရှင်”လို့ ကိုမင်းသွေးသစ်ရဲ့ ဇနီးဖြစ်သူ မရတနာဆုပိုခိင်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။
အကြမ်းဖက်စစ်အုပ်စုဟာ ပြန်လည်လွှတ်ပေးခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အကြောင်းမရှိ အကြောင်းရှာကာ ပြန်လည်ဖမ်းဆီးမှုတွေ လုပ်ဆောင်နေတာကြောင့် ကိုမင်းသွေးသစ်ပြန်လည်လွတ်မြောက်လာမှုအပေးမှာလည်း မိတ်ဆွေအသိုင်းအဝန်းက စိုးရိမ်ပူပန်နေကြပါတယ်။