ယူကရိန်းမှာ ပဋိပက္ခတွေ ပေါ်လာစေဖို့ အနောက်နိုင်ငံတွေက တွန်းပို့ခဲ့ကြောင်း ရုရှားဆို

Photo – AP

လက်နက်ကိုင်အုံကြွမှုတွေဆီရောက်အောက် ယူကရိန်းကိုတွန်းပို့ခဲ့တာဟာ အမေရိကန်နဲ့ မဟာမိတ် အနောက်နိုင်ငံတွေဖြစ်တယ်လို့ ရုရှားရဲ့ ကုလသမဂ္ဂ သံအမတ်က ပြောခဲ့ပါတယ်။

ဖေဖော်ဝါရီလ ၂၁ ရက်နေ့ ညပိုင်းမှာ အ‌ရေးပေါ်ခေါ်ယူခဲ့တဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးမှာ ရုရှားရဲ့ ကုလသမဂ္ဂ သံအမတ် ဗက်ဆီလီ နီဘန်ဇီယာက ယူကရိန်းက ခွဲထွက်လိုတဲ့ လူးဟန့်စ်ခ်နဲ့ ဒွန်းတက်စ်ခ် ဒေသတွေမှာ ယူကရိန်းတပ်တွေရဲ့ ပစ်ခတ်မှုကြောင့် လက်နက်ကျည်နယ်ကျော်ကျတာတွေ၊ အနီးအပါးက ရုရှားမြို့ရွာတွေအထိ လက်နက်ကျည် နယ်ကျော်ကျတာတွေ ပိုများလာကြောင်း စွပ်စွဲပြောဆိုခဲ့ပါတယ်။

ယူကရိန်းထဲက ခွဲထွက်လိုတဲ့ ဒေသတွေရဲ့ အာဏာပိုင်တွေကလည်း လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း လက်နက်ကျည်သင့်လို့ သေဆုံးသူ အရပ်သား ၄ ဦးရှိပြီး ဒဏ်ရာရသူတွေလည်း ရှိကြောင်း ဆိုပါတယ်။

နီဘန်ဇီယာက ရုရှားအနေနဲ့ သံတမန်ရေးကို လမ်းဖွင့်ထားပေမယ့် (ခွဲထွက်ရေးလိုလားတဲ့) ဒွန်းဘာ့စ်မှာ သွေးမြေကျတာ မဖြစ်စေချင်တာကြောင့် အခြေအနေတွေ ပိုမဆိုးစေဖို့ အမေရိကန်နဲ့ အနောက်နိုင်ငံတွေကို တိုက်တွန်းခဲ့ပါတယ်။

ယူကရိန်းအရှေ့ပိုင်းဒေသတွေက ခွဲထွက်ရေးသမားတွေကို ရုရှားက အသိအမှတ်ပြုခြင်းဟာ နိုင်ငံတွေရဲ့ နယ်မြေပိုင်နက်နဲ့ အချုပ်အခြာအာဏာကို ချိုးဖောက်ရာရောက်တယ်လို့ ကုလသမဂ္ဂက သတ်မှတ်ပြီး လုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေး ခေါ်ယူခဲ့တာပါ။