၁၈ ၊ ဖေဖော်ဝါရီလ ၊ ၂၀၂၂ ။
ကနေဒါနိုင်ငံအော်တာဝါမြို့တော်မှာ ကိုဗစ်-၁၉ ကန့်သတ်ချက်တွေကို ကန့်ကွက်တဲ့ ဆန္ဒပြထရပ်ကားယာဥ်မောင်းတွေ ချက်ချင်းမထွက်ခွာရင် အဖမ်းခံရမယ်လို့ မြို့တော်ရဲတပ်ဖွဲ့က သတိပေးခဲ့ပါတယ်။
ရက်သတ္တသုံးပတ်ကြာ ဆန္ဒပြပွဲတွေပေါ်ပေါက်ခဲ့ပြီး တခြားနေရာတွေမှာ ဆန္ဒပြသူတွေကို ဖယ်ရှားနိုင်ခဲ့ပေမယ့် လွှတ်တော်အဆောက်အအုံအပြင်ဘက်မှာ ဆန္ဒပြသူတွေ အခိုင်အမာ ကျန်ရှိနေပါသေးတယ်။
ရဲတွေက ပိတ်ဆို့ဆန္ဒပြနေကြတဲ့ထရပ်ကားယာဥ်မောင်းတွေကို လက်ကမ်းစာစောင်တွေ လိုက်လံဝေငှနေပြီး ဆန္ဒပြရာကမထွက်ခွာရင် အရေးယူတာ၊ လိုင်စင်သိမ်းတာနဲ့ မော်တော်ယာဥ်သိမ်းတာတွေ ခံရနိုင်ကြောင်း ဖော်ပြထားပါတယ်။ ဆန္ဒပြသူတွေကတော့ လက်ကမ်း စာစောင်တွေကို လွှင့်ပစ်လိုက်ကြပြီး “ဘယ်တော့မှမပြန်ဘူး” လို့ပြန်လည်အော်ဟစ်ခဲ့ကြပါတယ်။
“မြို့လယ်ခေါင်မှာ ပိတ်ဆို့ဆန္ဒပြနေသူတွေကို ကျွန်တော်တို့မကြာခင် ဖယ်ရှားရှင်းလင်းသွားမှာပါ၊ ဒီလိုဥပဒေနဲ့မညီဘဲ ဆန္ဒပြတာကိုရှင်းပစ်ရမှာပဲ၊ ကျွန်တော်တို့မြို့တော်ကြီးကို ပုံမှန်အခြေအနေ ရောက်အောင် ပြန်လုပ်ရမှာပေါ့” လို့ယာယီရဲချုပ်စတိဗ်ဘဲလ်က ထုတ်ပြန်ခဲ့ပါတယ်။
ဆန္ဒပြသူတွေနဲ့ရဲတွေအကြားတင်းမာမှုတွေ ပိုမိုမြင့်မားခဲ့တာကြောင့် ဝန်ကြီးချုပ်ဂျက်စတင်ထရူးဒေါရဲ့ကိုင်တွယ်မှုကို ဝေဖန်မှုတွေလည်းရှိနေပါတယ်။