အီသီယိုးပီးယားလွှတ်တော်က အ‌ရေးပေါ်အခြေအနေရုတ်သိမ်းကြောင်းဆုံးဖြတ်

Photo – AFP

အီသီယိုးပီးယားအစိုးရကို တီဂရေးတပ်ဖွဲ့တွေကတိုက်ခိုက်ပြီး သူတို့ရဲ့မဟာမိတ်တွေက မြို့တော် အဒိစ်အဘာဘားကို ချဥ်းကပ်လာကြတာ‌ကြောင့် နိုဝင်ဘာလဆန်းပိုင်းက ချမှတ်ထားခဲ့တဲ့ခြောက်လကြာအရေးပေါ် အခြေအနေကြေညာမှုကို အီသီယိုးပီးယားလွှတ်တော်က ဖေဖော်ဝါရီလ ၁၅ရက်နေ့မှာ ပြန်လည်ရုတ်သိမ်းပေးခဲ့ပါတယ်။

တီဂရေးတပ်ဖွဲ့တွေက အခိုင်အမာခြေကုပ်ယူထားတဲ့နိုင်ငံမြောက်ပိုင်းဆီ ပြန်လည်ဆုတ်ခွာခဲ့တဲ့နောက် ဝန်ကြီးချုပ်အဘီအာမတ်က အရေးပေါ် အခြေအနေရုတ်သိမ်းပေးဖို့ အဆိုပြုခဲ့တဲ့တာကြောင့် အခုလိုဆုံးဖြတ်ခဲ့တာပါ။ အရေးပေါ်အခြေအနေဟာ ကောင်းကျိုးထက်ဆိုးကျိုးများနေပြီး ခရီးသွားလုပ်ငန်းနဲ့ နိုင်ငံစီးပွားရေးကို ထိခိုက်စေခဲ့တယ်လို့ အစိုးရအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ တက်စ်ဖေးဘီဂျစ်က ပြောခဲ့ပါတယ်။

အရေးပေါ်အခြေအနေအတွင်း တီဂရေးမျိုးနွယ်စုဝင်ထောင်ပေါင်းများစွာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး အများစုကို တိုက်ပွဲအရှိန်လျော့ကျလာတဲ့ ဒီဇင်ဘာလမှာပြန်လွှတ်ပေးခဲ့ပေမယ့် ကျန်ရှိနေတဲ့ဖမ်းဆီးခံရသူတွေကို အစိုးရက ပြန်လွှတ်ပေးမပေး မသိရသေးပါဘူး။

၂၀၂၀ပြည့်နှစ်နိုဝင်ဘာလမှာ ဝန်ကြီးချုပ်အဘီအာမတ်က တီဂ‌ရေးလူထုလွတ်မြောက်ရေးတပ်ဦးကို ဖြိုခွင်းဖို့ စစ်တပ်တွေစေလွှတ်ခဲ့ပြီးနောက်မှာ တိုက်ပွဲတွေစတင်ပေါ်ပေါက်လာတာပါ တိုက်ပွဲနဲ့ပဋိပက္ခတွေကြောင့် လူပေါင်းထောင်နဲ့ချီ သေဆုံးခဲ့ရပြီး သိန်းနဲ့ချီအငတ်ဘေးကျရောက်ခဲ့ရပါတယ်။