ဟွန်ဒူးရပ်စ်သမ္မတဟောင်း ဖမ်းဆီးခံရပြီး တရားရင်ဆိုင်ရမယ်

Photo – AP

၂၀၁၄ ခုနှစ်ကနေ ပြီးခဲ့တဲ့လအထိ ဟွန်ဒူးရပ်စ်သမ္မတဖြစ်ခဲ့တဲ့ ဟွမ်အော်လန်ဒို ဟာနန်ဒက်စ်ဟာ အမေရိကန်အစိုးရရဲ့ တောင်းဆိုချက်ကြောင့် ဖမ်းဆီးခံခဲ့ရပြီး ဖေဖော်ဝါရီလ ၁၆ ရက်မှာ တရားခွင်မှာ အမှုရင်ဆိုင်ရဖို့ ရှိပါတယ်။

သူ့ကို မူးယစ်ဆေးဝါး ရောင်းဝယ်မှု၊ မူးယစ်ဆေးဝါး ရောင်းဝယ်ရာမှာ လက်နက်သုံးမှုနဲ့ လက်နက်သုံးရန် ကြိုတင်ကြံစည်မှုတွေနဲ့ တရားစွဲဆိုထားပြီး အင်္ဂါနေ့ကမှ ဖမ်းဆီးနိုင်ခဲ့တာပါ။

သူဟာ မူးယစ်ဆေးဝါးရောင်းဝယ်ရာကနေ ရတဲ့ငွေတွေနဲ့ နိုင်ငံရေး‌ထောက်ခံမှုရဖို့ ကြိုးစားနေခဲ့ပြီး အမေရိကန်အစိုးရရဲ့ ထောက်ပံ့အားပေးမှု ခံနေရသူတစ်ယောက်အဖြစ် ဟန်ဆောင်နေထိုင်ခဲ့သူပါ။ ဒါပေမယ့် နိုင်ငံအတွင်း အလုပ်လက်မဲ့ များပြားမှု၊ လူရမ်းကားတွေ ဂိုဏ်းဖွဲ့သောင်းကျန်းမှု၊ အငတ်ဘေးနဲ့ မုန်တိုင်းဘေး ကျရောက်လာမှုတွေကြောင့် လူအများအပြားက ဟာနန်ဒက်စ်ပေါ် မကျေမနပ်ဖြစ်မှုတွေ များပြားလာခဲ့ပါတယ်။

“ခု သူ့ကိုဖမ်းမိပြီဆိုတော့ သတင်းကောင်းပေါ့။ သူက အင်မတန် အကျင့်ပျက်ခြစားတဲ့သူပဲ” လို့ ဟွန်ဒူးရပ်စ်ကနေ မက္ကဆီကို တောင်ပိုင်းကို ပြောင်းရွှေ့အခြေချလာသူ အီလ်ချစ်အဲလ်ဗရက်ဇ်က ပြောပါတယ်။ “သူက ၁၂ နှစ်လောက် အစိုးရလုပ်တဲ့အချိန်အတွင်းမှာ လူတွေကို နိုင်ငံက ပြောင်းပြေးရလောက်အောင် လုပ်ခဲ့တာ။ အကျင့်ပျက်ခြစားမှုတွေ အများကြီးရှိသလို အလုပ်လက်မဲ့တွေလည်း တစ်ပုံကြီးပဲ” လို့ အဲလ်ဗရက်ဇ်က ဆက်ပြောပါတယ်။

ဟာနန်ဒက်စ်ကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ဖို့ တွန်းခဲ့တဲ့ အမေရိကန် အထက်လွှတ်တော်အမတ် ဂျက်ဖ် မာကလေက ထုတ်ပြန်ချက်တစ်ခုထဲမှာ “မူးယစ်ဆေး ရောင်းဝယ်သူများနှင့် အလွန်အမင်းနီးစပ်ပြီး အမေရိကန်သို့ မူးယစ်ဆေးများ တင်ပို့ရန်အတွက် နိုင်ငံ့ပိုင်ဘဏ္ဍာများ၊ အခွန်ထမ်းများ၏ ငွေကြေးများကို သုံးစွဲပုံရသည့် သမ္မတဟောင်း ဟာနန်ဒက်စ်ကို အမေရိကန်အစိုးရက ထောက်ခံအားပေးနေသည်ဟူသောအချက်မှာ လုံးဝလက်ခံနိုင်စရာမရှိပေ” လို့ ဖော်ပြထားခဲ့ပါတယ်။