မန္တလေး သံလျှပ်မှော်အနောက်ရပ်ကွက်ကို စစ်အုပ်စုက ပိတ်ဆို့ပြီး တစ်အိမ်တက်တစ်အိမ်ဆင်း ရှာဖွေနေ

မန္တလေးမြို့ မဟာအောင်မြေမြို့နယ် သံလျှပ်မှော်အနောက်ရပ်ကွက်ကို စစ်အုပ်စု ပိတ်ဆို့ထားပြီး တစ်အိမ်တက်တစ်အိမ်ဆင်း ရှာဖွေမှုတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ ဖေဖေါ်ဝါရီလ ၉ ရက်နေ့ မနက်ပိုင်းက စတင်ကာ တစ်အိမ်တက်တစ်အိမ်ဆင်း ဝင်ရောက်စစ်ဆေးနေတာဖြစ်ပြီး စစ်ဆေးပြီးသားနေအိမ်တွေကိုပါ အမှတ်အသားတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
” အိမ်ထောင်စု ဇယားပြခိုင်းတယ်၊ လူတွေရှိ၊ မရှိမေးတယ်၊ အချို့အိမ်တွေတော့ အိမ်ထဲထိ ဝင်စစ်တာရှိတယ်လို့ကြားတယ်၊ စစ်ပြီးသားအိမ်တွေကို မှုတ်ဆေးနဲ့ အမှတ်အသားလုပ်သွားတယ်၊ ဘာကြောင့်လာစစ်တာလဲတော့ မသိရသေးဘူး “လို့ ဒေသခံတစ်ဦးက MFP ကို ဖြေကြားထားပါတယ်။
ဒါ့အပြင် ၄၁ ညစျေးအဆင်းမှာရှိတဲ့ ရပ်ကွက်စျေးကိုလည်း ပိတ်ခိုင်းထားပြီး ရပ်ကွက်အတွင်းမှာ မနက် ၉ နာရီ ၃၀ မိနစ်အထိ စစ်အုပ်စုတွေ ရှိနေသေးတယ်လို့ သိရပါတယ်။
သံလျှပ်မှော်အနောက်ရပ်ကွက်ကြီးအတွင်းမှာ ယခုရက်ပိုင်းအတွင်း မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်အချို့ ဖမ်းဆီးခံရမှုရှိနေပြီး တောင်ငံပြာရည်ရပ်ကွက် အုပ်ချုပ်ရေးမှူးဟောင်းဖြစ်သူ စစ်အုပ်စုသတင်းပေးတစ်ဦးလည်း ဖေဖေါ်ဝါရီလ ၇ ရက်နေ့မှာ ရှင်းလင်းခံထားရပါတယ်။