မြန်မာပဋိပက္ခ ဖြစ်ပွားရာဒေသက လူသားချင်းစာနာမှုအကူအညီ လိုအပ်နေတဲ့ ကလေးတွေကို နယ်စပ်ဖြတ်ကျော်အပါအဝင် နည်းလမ်းအားလုံးကို ရှာဖွေပြီးပံ့ပိုးပေးဖို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက တောင်းဆိုလိုက်ပါတယ်။
ဖေဖေါ်ဝါရီ ၈ ရက်နေ့က ပြုလုပ်တဲ့ ကုလသမဂ္ဂကလေးများဆိုင်ရာ ရန်ပုံငွေအဖွဲ့ (UNICEF) အမှုဆောင် ဘုတ်အဖွဲ့ရဲ့ ၂၀၂၂ ခုနှစ် ပထမအကြိမ် ပုံမှန်အစည်းအဝေးမှာ ဦးကျော်မိုးထွန်း မိန့်ခွန်းပြောကြားစဉ် အဲဒီလို ထည့်သွင်းပြောကြားခဲ့တာပါ။
ပဋိပက္ခဖြစ်ပွားရာဒေသက ကလေးအများအပြားဟာ လူသားချင်းစာနာမှု အကူအညီ၊ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ ပညာရေး ဝန်ဆောင်မှုတွေ လိုအပ်နေတယ်လို့ သူကပြောပါတယ်။
မြန်မာကလေးသူငယ်တွေအတွက် ကဏ္ဍစုံ လူသားချင်းစာနာမှု လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ UNICEF က လိုအပ်နေတဲ့ ရန်ပုံငွေ ကန်ဒေါ်လာ ၁၅၁ ဒဿမ ၄ သန်းကို အလှူရှင်နိုင်ငံတွေအနေနဲ့ ကူညီထောက်ပံ့ပေးဖို့လည်း သံအမတ်ကြီးက မေတ္တာရပ်ခံပါတယ်။
အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ဖေဖေါ်ဝါရီ ၁ ရက်ကစပြီး အသက် ၃ နှစ်ကနေ ၁၇ နှစ်ကြား ကလေးငယ် ၁၁၄ ဦးထက်မနည်းကို အကြမ်းဖက်စစ်တပ်က သတ်ဖြတ်ခဲ့တယ်လို့ UNICEF ကထုတ်ပြန်ခဲ့ကြောင်း ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) ရဲ့ပဏာမလေ့လာဆန်းစစ်ချက်တွေအရ အကြမ်းဖက်စစ်တပ်က ပြည်သူတွေအပေါ် ကျယ်ကျယ်ပြန့်ပြန့်နဲ့ စနစ်တကျ ကျူးလွန် တဲ့ အကြမ်းဖက်မှုတွေထဲမှာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေဖြစ်တဲ့ ပညာရေးနဲ့ဆေးဘက် ဆိုင်ရာ ဝန်ထမ်းတွေကို တိုက်ခိုက်ခြင်း၊ မတရားချုပ်နှောင်ထားသူတွေကို သေတဲ့အထိ ညှင်းပန်းနှိပ်စက်ခြင်း၊ လူ သားချင်းစာနာမှု အကူအညီတွေကို ပိတ်ဆို့ခြင်း၊ အိမ်တွေနဲ့ဘာသာရေး အဆောက်အဉီတွေကို မီးရှို့ဖျက်ဆီးခြင်း၊အမျိုးသမီးနဲ့ ကလေးသူငယ်တွေကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်းတို့ ပါဝင်ကြောင်း သံအမတ်ကြီးက ထည့်သွင်းပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ကရင်နီပြည်နယ်မှာ ဒီဇင်ဘာ၂၄ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုမှာ Save the Children ဝန်ထမ်းနှစ်ဦး၊ အမျိုးသမီးနဲ့ ကလေးတွေအပါအဝင် အရပ်သား ၃၅ ဦးထက်မနည်းကို အကြမ်းဖက်စစ်တပ်က သတ်ဖြတ်မီးရှို့ခဲ့ကြောင်းလည်း ဆိုပါတယ်။