အကြမ်းဖက်စစ်သားတင် ၁၂ ဘီးယာဉ် ရှေ့ထွက်မိုင်း ၄ လုံးနဲ့ တိုက်ခိုက်ခံရ၊ သေဆုံးမှုများနိုင်

စစ်ကိုင်းမြို့နယ်အတွင်း အကြမ်းဖက်စစ်သား ၄၀ လောက် လိုက်ပါလာတဲ့ ၁၂ ဘီးကားကို ရှေ့ထွက်မိုင်း ၄ လုံး နဲ့တိုက်ခိုက်ခဲ့ရာ သေဆုံးထိခိုက်များနိုင်တယ်လို့ သိရပါတယ်။
စစ်ကိုင်းမြို့နယ်၊ ဆားတောင်မြို့ကနေ စစ်ကိုင်းဘက်ကို ၁၂ ဘီးကားနဲ့ထွက်လာတဲ့ အကြမ်းဖက်စစ်သားတွေကို ယမန်နေ့ ညနေပိုင်းက ရုန်ပင်ကန်ရွာအလွန် ဂရိတ်ဆီဆိုင်အနီး မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ဒေသတွင်း နွေဦးတော်လှန်ရေး စာမျက်နှာ စစ်ကိုင်းမြို့နယ် သတင်းမှန် ပြန်ကြားရေးက ထုတ်ပြန်ပါတယ်။
‘ဆားတောင်က ညောင်ငုပ်တိုရွာမှာ မနေ့တုန်းက ပျူစောထီးတွေ အာဏာသိမ်းတာ တစ်နှစ်ပြည့်အခမ်းအနား လုပ်မယ်လို့ သတင်းရလို့ မနေ့ကမနက် ၁ နာရီလောက်မှာ ပြောက်ကျားတွေဝင်တိုက်တာ။ အဲဒီနေ့ မနက်လင်းတဲ့ အချိန်ရောက်တော့ စစ်ခွေးတွေရောက်လာပြီး ညောင်ငုပ်တိုရွာဝန်းကျင်ကို တောနင်းရှာတာ။ အဲဒီမှာ ဘာမှမတွေ့လို့ ပြန်လာတဲ့ကောင်တွေ မိုင်းထိတာ’ လို့ စစ်ကိုင်းမြို့၊ ရွှေမင်းဝံရပ်ကွက်နေ တက်ကြွလှုပ်ရှားသူ တစ်ဦးက ပြောပါတယ်။
ညောင်ငုပ်တိုရွာကနေ ပြန်ထွက်လာတဲ့ အကြမ်းဖက်စစ်သားတွေဟာ အိမ်စီးကားတွေနဲ့ ထွက်လာပြီးနောက် ဆားတောင်ရောက်ချိန်မှာ ၁၂ ဘီးကား ပြောင်းစီးကာ စစ်ကိုင်း-ရွှေဘိုကားလမ်းအတိုင်း စစ်ကိုင်းဘက်ထွက်လာစဉ် မိုင်းဆွဲခံရခြင်းဖြစ်ပါတယ်။
မိုင်းဆွဲခံရတဲ့နေရာကို လူနာတင်ယာဉ် ၅ စီးနဲ့ ရောက်လာပြီး သေဆုံးထိခိုက်တဲ့ အကြမ်းဖက်တပ်သားတွေကို တင်ဆောင်သွားတယ်လို့ စစ်ကိုင်းမြို့နယ် သတင်းမှန် ပြန်ကြားရေးက ထုတ်ပြန်ပါတယ်။
မိုင်းဆွဲတိုက်ခိုက်မှုကို စစ်ကိုင်းခရိုင်တပ်ရင်း (၃) PDF ရဲဘော်တွေနဲ့ စစ်ကိုင်းမြို့နယ် ပ.က.ဖ တပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။