ရုရှားသမ္မတပူတင်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင် တရုတ်နိုင်ငံမှာ တွေ့ဆုံ

တရုတ်နိုင်ငံမှာ ကျင်းပနေတဲ့ ဆောင်းရာသီအိုလံပစ်ပွဲတော် ဖွင့်ပွဲကို ရုရှားသမ္မတပူတင် တက်ရောက်ခဲ့ပြီး တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံခဲ့ပါတယ်။
သမ္မတနှစ်ဦး တွေ့ဆုံရာမှ တရုတ်နိုင်ငံနဲ့ မျှော်လင့်တွက်ဆမထားရလောက်အောင် နီးကပ်တဲ့ ဆက်ဆံရေးရှိကြောင်း ပူတင်က ပြောဆိုခဲ့ပါတယ်။
တရုတ်နိုင်ငံရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ မွတ်ဆလင်ဘာသာဝင် လူနည်းစုတွေအပေါ် ဖိနှိပ်မှုတွေကို ကန့်ကွက်တဲ့အနေနဲ့ တရုတ်နိုင်ငံမှာကျင်းပတဲ့ ဆောင်းရာသီအိုလံပစ်ပွဲတော်ကို အမေရိကန်၊ ဗြိတိန်နဲ့ အခြားနိုင်ငံတွေက တရားဝင်ကိုယ်စားလှယ်တွေ မစေလွှတ်ကြချိန်မှာ ရုရှားသမ္မတ ပူတင်ရဲ့ခရီးစဉ်ဟာ အဆင့်မြင့်ခရီးစဉ်တစ်ခု ဖြစ်ပါတယ်။
တရုတ်နဲ့ ရုရှားတို့ရဲ့ နိုင်ငံခြားရေးနဲ့ စီးပွားရေးဆိုင်ရာ ခြေလှမ်းတူညီမှုတွေကို အသားပေး ပြောဆိုခဲ့တဲ့ ပူတင်ရဲ့ ခရီးစဉ်နဲ့ပတ်သက်လို့ ရုရှားမီဒီယာတွေမှာ အသေးစိတ် ဖော်ပြခဲ့ကြပေမယ့် တရုတ်နိုင်ငံပိုင်မီဒီယာတွေမှာတော့ အသေးစိတ်တင်ဆက်ခြင်း မရှိခဲ့ပါဘူး။
သမ္မတပူတင်ရဲ့ ဆောင်းပါးတစ်ပုဒ်ကို တရုတ်နိုင်ငံ ဆင်ဟွာသတင်းဌာနမှာ ဖေဖော်ဝါရီလ ၃ ရက်နေ့က တင်ဆက်ခဲ့ပါတယ်။ အဲဒီဆောင်းပါးမှာ ပူတင်က “တချို့သောနိုင်ငံတွေက သူတို့ရည်ရွယ်ချက်အတွက် အားကစားကို နိုင်ငံရေးဇာတ်သွင်းဖို့ ကြိုးစားနေကြတယ်”လို့ ဝေဖန်ထားပြီး “တရုတ်နဲ့ ရုရှားနှစ်နိုင်ငံကတော့ ကမ္ဘာ့ရေးရာကိစ္စတွေမှာ အရေးကြီးတဲ့ ဟန်ချက်ထိန်းညှိရေး အခန်းကဏ္ဍကနေ ပါဝင်တဲ့အပြင် နိုင်ငံတကာအရေးကိုလည်း ပိုပြီး မျှတမှုရှိဖို့၊ အားလုံးပါဝင်ခွင့်ရဖို့ တက်ကညီလက်ညီ အားထုတ်နေတဲ့ နှစ်နိုင်ငံဖြစ်တယ်” လို့ ရေးသားခဲ့ပါတယ်