ယူကရိန်းသူလျှိုအဖြစ် စွပ်စွဲခံရသူကို ရုရှားက ထောင်ဒဏ် ၁၂ နှစ် အမိန့်ချ

ခရိုင်းမီးယားဒေသက တရားရုံးတစ်ခုမှာ ယူကရိန်းသူလျှိုအဖြစ် တရားစွဲဆိုခံထားရသူ တင်သွင်းထားတဲ့ အယူခံကို ပယ်ချပြီး ထောင်ဒဏ် ၁၂ နှစ်အမိန့်ချခဲ့တယ်လို့ TASS သတင်းဌာနက ရုရှားလုံခြုံရေးဌာနကို ကိုးကားချက်နဲ့ သတင်းဖော်ပြခဲ့ပါတယ်။
ယူကရိန်းရဲ့ နိုင်ငံခြားရေးဝန်ကြီးက ထောင်ဒဏ်ချမှတ်ခံခဲ့ရသူ ကွန်စတန်တင် ရှီရင်ကို ပြန်လွှတ်ပေးဖို့ အောက်တိုဘာလကတည်းက တောင်းဆိုထားခဲ့တာပါ။ ယူကရိန်းအစိုးရက ဒီအမှုဟာ လက်ရှိအချိန်မှာ နိုင်ငံရေးအရ သက်ရောက်မှုရှိနိုင်တယ်လို့ ပြောဆိုခဲ့ပါတယ်။
ရုရှားမီဒီယာတွေမှာတော့ ရှီရင်ဟာ သူလျှိုဖြစ်တယ်ဆိုတာကို ဖြောင့်ချက်မပေးခဲ့ကြောင်း ဖော်ပြထားကြပါတယ်။
ရုရှားဟာ ၂၀၁၄ ခုနှစ်က ခရိုင်းမီးယားဒေသကို ယူကရိန်းလက်အောက်ကနေ သိမ်းပိုက်ခဲ့တာပါ။ လက်ရှိမှာ ယူကရိန်းနယ်စပ်တစ်လျှောက် ရုရှားတပ်အင်အား သိန်းနဲ့ချီဖြန့်ကျက်ထားပြီး ယူကရိန်းကို နေတိုးအဖွဲ့ဝင်ရောက်ခွင့်မပြုဖို့ အနောက်နိုင်ငံတွေကို ရုရှားက တောင်းဆိုထားပါတယ်။