မြန်မာပြဿနာဖြေရှင်းရာမှာ အာဏာခွဲဝေရေးလုပ်ဖို့ အကြံပြုခဲ့ခြင်းမရှိဘူးလို့ ကုလအထူးကိုယ်စားလှယ်ရှင်း

မြန်မာနိုင်ငံအရေး ဖြေရှင်းရာမှာ အာဏာခွဲဝေရေးလုပ်ဖို့ အကြံပြုခဲ့ခြင်းမရှိဘူးလို့ ကုလအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် နိုလင်းဟေဇာက ပြန်လည်ရှင်းလင်းလိုက်ပါတယ်။
ဖေဖေါ်ဝါရီလ ၁ ရက်နေ့၊ Channel News Asia သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ အာဏာခွဲဝေယူရေး Power Sharing ကို နည်းလမ်းတခုအဖြစ် အကြံပြုတယ်လို့ ဖော်ပြခဲ့ခြင်းဟာ မှားယွင်းဖော်ပြခြင်းသာဖြစ်တယ်လို့ အထူးကိုယ်စားလှယ်ရုံးက ယမန်နေ့က ကြေညာချက်ထုတ်ပြန်ရှင်းလင်းခဲ့ပါတယ်။
မြန်မာ့အရေးဖြေရှင်းရာမှာ အာဏာခွဲဝေယူရေးဆိုတဲ့ Power Sharing ကိုနည်းလမ်းတခုအဖြစ် တစ်ခါမှအကြံပြုခဲ့ခြင်းမရှိဘူးလို့ လည်းဆိုပါတယ်။
မြန်မာ့ပြဿနာကိုဖြေရှင်းရာမှာ မြန်မာပြည်သူတွေရဲ့ဆန္ဒနဲ့အညီလုပ်ဆောင် ရမှာဖြစ်ပြီး နိုင်ငံတကာရဲ့တညီတညွတ်ထဲရှိတဲ့မဟာဗျူဟာတရပ်နဲ့အတူ ဒေသတွင်း အင်အားစုတွေရဲ့ညီညွတ်မှုနဲ့ အားပေးကူညီဆောင်ရွက်သွားရမှာဖြစ်တယ်လို့ မြန်မာအရေးနဲ့ပတ်သက်တဲ့ ချဉ်းကပ်မှုပုံစံကို နိုလင်းဟေဇာကအဲဒီလိုပြောဆိုထားကြောင်းကြေညာချက်မှာဖော်ပြထားပါတယ်။
မြန်မာနိုင်ငံအပြောင်းအလဲအတွက် စစ်တပ်ကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ လူငယ်တွေအနေနဲ့ ရေရှည်အတွက် စဉ်းစားကြဖို့လိုကြောင်း နိုင်ငံရေးအပြောင်းအလဲတခုဟာ နေ့ချင်းညချင်းမဖြစ်နိုင်ဘဲ လုပ်ငန်းစဉ်တခုလိုအပ်တဲ့အတွက် လူငယ်တွေအနေနဲ့ သေသေကြေကြေဆိုပြီး လုပ်နေတာထက် ရှင်သန်မှုတခုအတွက် ရည်ရွယ်လုပ်ဆောင်သင့်ကြောင်း Channel News Asia သတင်းဌာနနဲ့တွေ့ဆုံးမေးမြန်းစဉ် ပြောကြားခဲ့ပါတယ်။