ပူတာအိုခရိုင်အတွင်း စစ်အုပ်စုထုတ်ကုန်တွေ ရောင်းချခြင်းမပြုဖို့ အပါအဝင် မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအို လမ်းပိုင်းကို ညနေ ၅ နာရီကနေ မနက် ၆ နာရီထိ ဖြတ်သန်းသွားလာခြင်းမပြုဖို့ အသိပေးတဲ့ ကြေညာချက်တစ်ရပ်ကို KIO ပူတာအိုခရိုင် အုပ်ချုပ်ရေးရုံးက ဒီကနေ့ ဇန်နဝါရီလ ၃၀ ရက်နေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။
အကြမ်းဖက်စစ်အုပ်စုရဲ့ ထုတ်ကုန်တွေကို သယ်ဆောင်ရောင်းဝယ်တာ မလုပ်ဆောင်ဖို့၊ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားတာတွေ သယ်ဆောင် သုံးစွဲတာတွေနဲ့ စိုက်ပျိုးထုတ်လုပ်တာတွေကို လုံးဝမလုပ်ဆောင်ဖို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် စစ်ဘေးရှောင်ပြည်သူတွေနဲ့ ဒေသခံပြည်သူတွေရဲ့ ခွင့်ပြုချက်မရှိဘဲ လယ်ယာမြေဥယျာဉ်ခြံတွေမှာ ရွှေတူးဖော်တာ မလုပ်ဆောင်ဖို့နဲ့ မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအို ကားလမ်းကို ညနေ ၅နာရီကနေ မနက် ၆ နာရီအထိ ဖြတ်သန်းသွားလာခြင်းတွေ မလုပ်ဆောင်ဖို့ အချက်တွေ ပါဝင်ခဲ့ပါတယ်။
ထုတ်ပြန်ချက်တွေကို လိုက်နာမှုမရှိပါက ဖြစ်ပေါ်လာမယ့် ပြဿနာတွေကို လုံးဝတာဝန်ယူမှာမဟုတ်ဘူးလို့လည်း KIO ပူတာအိုခရိုင်က ဆိုပါတယ်။