မကွေးတိုင်း၊ မြိုင်မြို့နယ်ထဲက လင်းကတောရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်သိမ်းပိုက်စဉ် ဖမ်းဆီးရမိတဲ့ မိသားစုဝင်တွေကို ပြည်သူဘက်ရပ်တည်ဖို့ မှာကြားပြီး ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။
ဇန်နဝါရီ ၂၉ ရက်နေ့ မွန်းလွဲ ၂ နာရီလောက်က မြိုင်မြို့နယ်၊ လင်းကတောရဲစခန်းကို မြိုင်၊ ရေစကြိုနဲ့ဆားလင်းကြီး PDF မဟာမိတ် ၃ ဖွဲ့ ပူးပေါင်းပြီး ၁ နာရီကြာ တိုက်ပွဲဆင်နွှဲကာ သိမ်းပိုက်မီးရှို့နိုင်ခဲ့သလိုပုသိမ်-မုံရွာလမ်းဆုံရှိ ဂိတ်စခန်းကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း မြိုင်PDF က သတင်းထုတ်ပြန်ပါတယ်။
လင်းကတောရဲစခန်းမှာရှိတဲ့ အကြမ်းဖက်စစ်တပ်နဲ့ရဲတွေဟာ ဒဏ်ရာတွေနဲ့ စခန်းစွန့်ခွာထွက်ပြေးခဲ့ပြီးကျန်နေခဲ့တဲ့ မိသားစုဝင်တွေကို ဖမ်းမိခဲ့ပါတယ်။
‘မိသားစုဝင်တွေ ကျန်ခဲ့တယ်ဆိုတာက ကျွန်တော်တို့ PDF တွေက မိသားစုဝင်တွေကို ဘာမှမလုပ်ဘူးဆိုတာယုံလို့ ထားခဲ့တာလည်း ဖြစ်နိုင်ပါတယ်။ ဖမ်းမိတဲ့ မိသားစုဝင်တွေကို ပြည်သူဘက်ရပ်ဖို့မှာပြီး ပြန်လွှတ်လိုက်တယ်ဆိုတာ ကျွန်တော်တို့ PDF တွေရဲ့ နိုင်ငံရေးအသိရှိတာ၊ စစ်မြေပြင်ကျင့်ဝတ်ရှိတာကို ဖော်ပြနေပါတယ်’ လို့ ပုလဲမြို့နယ်အတွင်းရှိ ပြောက်ကျားခေါင်းဆောင်တစ်ဦးက ပြောပါတယ်။
ရဲစခန်းသိမ်းပိုက်ခဲ့ပြီးနောက် G-3 ( ၅ ) လက်နဲ့ကျည် (၄၀၀) ၊ အူစီ (၃ ) လက်နဲ့ကျည် ( ၂၀၀) ၊ ခြောက် လုံးပြူး ( ၁) လက်၊ ဗုံးသီး ( ၇) လုံး၊ လက်တော့ ( ၂ ) လုံး၊ ပရင်တာ ( ၁ )လုံး၊ ဆိုင်ကယ် ( ၄ ) စီးနဲ့တခြားစစ်ဘက်အသုံးဆောင်တွေကို သိမ်းဆည်းရမိခဲ့ပါတယ်။
လင်းကတောရဲစခန်းသိမ်းပွဲမှာ ပြည်သူကာကွယ်ရေး တပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိခဲ့ဘူးလို့ သိရပါတယ်။