တစ်သက်တာ ပြန်မလာနိုင်တော့တဲ့သူတွေအတွက် တစ်ရက်တာသတ္တိရှိပေးဖို့ မေတ္တာရပ်ခံ

နွေဦးတော်လှန်ရေးမှာ အသက်ပေးခဲ့တဲ့ တစ်သက်တာ ပြန်မလာနိုင်တော့တဲ့ သူတွေအတွက် တစ်ရက်တာ သတ္တိရှိပေးဖို့ နတ်တလင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြည်သူတွေကို မေတ္တာရပ်ခံလိုက်ပါတယ်။
ဒီမိုကရေစီတိုက်ပွဲအတွင်း အသက်ပေးခဲ့ကြတဲ့သူတွေ၊ ထောင်တွင်းအကျဉ်းချခံနေရတဲ့သူတွေ၊ CDM ဝန်ထမ်းတွေ၊ စစ်ရှောင်ပြည်သူတွေနဲ့ နေအိမ်မီးရှို့ခံရသူတွေကို စာနာလေးစား တန်ဖိုးထားအသိအမှတ်ပြုတဲ့အနေနဲ့ အသံတိတ်သပိတ်ကျင်းပတဲ့ ဖေဖေါ်ဝါရီ ၁ ရက်နေ့၊ မနက် ၁၀ နာရီကနေညနေ ၄ နာရီအတွင်း အိမ်အပြင် လုံးဝမထွက်ခြင်းနဲ့ ပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းလိုက်တာပါ။
အကြမ်းဖက်စစ်အုပ်စုဟာ ဖေဖေါ်ဝါရီ ၁ ရက်နေ့မှာ အသံတိတ်သပိတ် မဖြစ်မြောက်ရေးအတွက် တစ်နိုင်ငံလုံးအနှံ့ မြို့ရောတောပါမချန် ပြည်သူတွေကို အပြင်းအထန် ခြိမ်းခြောက်နေပေမဲ့ ဒီမိုကရေစီအင်အားစုတွေက ဆက်လက်လှုံ့ဆော်နေဆဲပါပဲ။
တရုတ်အနွယ်ဝင်တွေက နှစ်စဉ်တရုတ်နှစ်သစ်ကူးနေ့တိုင်းမှာ ဆိုင်တွေပိတ်ကြလေ့ရှိပေမဲ့ ဖေဖေါ်ဝါရီ ၁ ရက်နေ့၊ တရုတ်နှစ်သစ်ကူးနေ့မှာ ဆိုင်တွေဖွင့်ဖို့ အကြမ်းဖက်စစ်အုပ်စုက ဖိအားပေးနေပါတယ်။
‘ဒီလိုလုပ်တာဟာ ကျွန်တော်တို့ တရုတ်အနွယ်ဖွားတွေကို စော်ကားလိုက်တာပဲ။ လူမျိုးတစ်မျိုးရဲ့ယုံကြည်မှု အစဉ်အလာကို စော်ကားလိုက်တာလို့ သွားပြောရင်လည်း မင်းအောင်လှိုင်က သူ့အာဏာတည်မြဲရေးကိုပဲသိတော့ ဘယ်နားလည်မလဲ’ လို့ လသာမြို့နယ်အတွင်းရှိ တရုတ်အနွယ်ဖွား စားသောက်ဆိုင်ပိုင်ရှင်တစ်ဦးက ပြောပါတယ်။
စစ်အုပ်စုက ဖေဖေါ်ဝါရီ ၁ ရက်နေ့မှာ မဖွင့်တဲ့ဆိုင်တွေကို ဆိုင်ပိတ်သိမ်းရုံတင်မက ဆိုင်ရှင်ကိုပါ ပုဒ်မမျိုးစုံတပ်ပြီး ဖမ်းဆီးထောင်ချမယ်လို့ ခြိမ်းခြောက်လာချိန်မှာ အသံတိတ်သပိတ် လှုံ့ဆော်သူတွေက ဆိုင်ရှင်ပြည်သူတွေ အနေနဲ့ စစ်အုပ်စုအန္တရာယ်ကင်းအောင် ဆိုင်ဖွင့်ထားပြီး သပိတ်အချိန်အတွင်း ဆိုင်ထဲမှာသာနေဖို့နဲ့ တခြားသော ပြည်သူတွေအနေနဲ့ တစ်ရက်ကြို ဈေးဝယ်ထားပြီး ဖေဖေါ်ဝါရီ ၁ ရက်နေ့မှာ အိမ်အပြင်လုံးဝမထွက်ကြဖို့ လှုံ့ဆော်ထားပါတယ်။
သထုံမြို့နယ်၊ ဘင်လှိုင်ရပ်ကွက်အတွင်းရှိ ဆိုင်ရှင်တစ်ဦးက ‘စီးပွားပျက်ပြီး ထောင်ထဲဝင်ရမှာကြောက်လို့ ၁ ရက်နေ့မှာ ဆိုင်ဖွင့်ပါမယ်။ ဘယ်သူမှ ဈေးလာမဝယ်ကြပါနဲ့’ လို့ ပြောပါတယ်။
ဒီဇင်ဘာ ၁၀ ရက်နေ့ အသံတိတ်သပိတ်တုန်းက မြန်မာတစ်နိုင်ငံလုံးအနှံ့ ဘယ်သူမှအပြင်မထွက်ဘဲ အာဏာရှင်တွေကို အလိုမရှိကြောင်း ထုတ်ဖော်ပြသနိုင်ခဲ့ကြပါတယ်။