ထားဝယ်မှာ လူမဲ့ဆန္ဒပြစာတမ်းကို သွားဖြုတ်တဲ့ စစ်အုပ်စု မိုင်းထိ

၂၆၊ ဒီဇင်ဘာလ၊ ၂၀၂၁။

တနင်္သာရီတိုင်း ထားဝယ်မြို့ မြို့လယ်လမ်းဆုံမှာ ချိတ်ဆွဲထားတဲ့ သွေးကြွေးဆပ်ရမယ်လို့ ရေးသားထားတဲ့ ဆန္ဒပြစာတမ်းကို သွားရောက်ဖြုတ်သိမ်းတဲ့ အကြမ်းဖက်စစ်အုပ်စု မိုင်းထိပြီး ထိခိုက်သေဆုံးမှုတွေ ရှိနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကနေ့ ဒီဇင်ဘာလ ၂၆ရက်နေ့ မနက်ပိုင်းမှာ လူမဲ့ဆန္ဒဖော်ထုတ်မှုအဖြစ် ချိတ်ဆွဲထားတဲ့ ဆန္ဒပြစာတမ်းကို စစ်အုပ်စုက နေ့လည် ၁၁နာရီခန့်မှာ လာရောက်ဖြုတ်ယူခဲ့ရာမှာ အသင့်ထောင်ထားတဲ့ မိုင်းတစ်လုံးပေါက်ကွဲသွားခဲ့တာဖြစ်တယ်လို သိရပါတယ်။

“၃ယောက်သွားဖြုတ်တာ ဖြုတ်နေချိန်မှာပဲ ဗုံးထပေါက်တာ သေလားမသေလားတော့ မသိဘူး၊ ဒဏ်ရာတွေတော့ တော်ရသွားတဲ့ပုံပဲ”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ပေါက်ကွဲမှုဖြစ်စဉ်အပြီးမှာ အကြမ်းဖက်စစ်အုပ်စုက လမ်းပိတ်ဆို့စစ်ဆေးမှုတွေ လုပ်ဆောင်နေခဲ့တယ်လို့ သိရပါတယ်။

ပေါက်ကွဲမှုနဲ့ ပက်သက်ပြီး ဘယ်အဖွဲ့အစည်းက လုပ်ဆောင်ခဲ့တယ်ဆိုတာကိုတော့ သီးခြားသတင်းထုတ်ပြန်လာခြင်း မရှိသေးပါဘူး။

ဓာတ်ပုံ-လူမှုကွန်ရက်

ပုံစာညွှန်း- ထားဝယ်မြို့လယ်မှာ ချိတ်ဆွဲထားတဲ့ လူမဲ့သပိတ်စာတမ်း