ပြည်သူကို မီးရှို့သတ်ဖြတ်မှု ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ပြင်းထန်စွာကန့်ကွက်

၂၆၊ ဒီဇင်ဘာလ၊ ၂၀၂၁။

ဒီဇင်ဘာ ၂၄ ရက်က ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာ အနီးတိုက်ပွဲတွေကြောင့် တိမ်းရှောင်လာတဲ့ ပြည်သူတွေကိုအကြမ်းဖက်စစ်အုပ်စုကမီးရှို့ သတ်ဖြတ်ခဲ့တဲ့ အပေါ် ပြင်းထန်စွာ ကန့်ကွက် ရှုတ်ချကြောင်း ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီက ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။

တပ်မ ၆၆ လက်အောက်ခံ ခမရအမှတ် (၁၀၈) တပ်ဖွဲ့ဝင်တွေက တိုက်ပွဲကြောင့် ထွက်ပြေး လာတဲ့ဒေသခံ ပြည်သူ ၊အမျိုးသမီး၊ကလေးငယ်တွေနဲ့အပြည်ပြည်ဆိုင်ရာ အဖွဲ့က ဝန်ထမ်း အပါအဝင် (၃၅) ယောက်ကို ဖမ်းဆီး ရိုက်နှက်ခဲ့တဲ့အပြင် ကားပေါ်တင် ဓာတ်ဆီလောင်းပြီး ကားနဲ့အတူ မီးရှို့ သတ်ဖြတ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် ဖမ်းဆီးခံပြည်သူတွေ လွတ်မြောက်ရေးအတွက် ညှိနှိုင်းဆွေးနွေးဖို့ ကြိုးပမ်းတဲ့ကရင်နီ လူမျိုးပေါင်းစုံ ပြည်သူ့ လွတ်မြောက်ရေး တပ်ဦး၊ အသွင်ပြောင်း နယ်ခြားစောင့် တပ်ဖွဲ့ဝင် ၄ဦးကိုလည်း လက်ပြန်ကြိုး တုပ်ကာ ဦးခေါင်းပစ်ခတ် သတ်ဖြတ်ခဲ့တယ်လို့လည်းဆိုပါတယ်။

အဲဒီ ဖြစ်ရပ် နှစ်ခုစလုံးဟာ စစ်အုပ်စုက စစ်မြေပြင်မှာ စောင့်စည်းရမယ့် စစ်ဥပဒေတွေအပြင် လူသားမျိုးနွယ် အညွန့်တုန်း စေအောင်တမင် ကြံရွယ် ခြင်း ဖြစ်ကြောင်း လည်းထုတ်ပြန်ပါတယ်။

ဒါ့ကြောင့် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာသိုင်းအဝိုင်းအနေနဲ့ စစ်အုပ်စုကို ပြင်းထန်တဲ့ကန့်သတ် အရေးယူမှုကိုအမြန်ဆုံး ဆောင်ရွက်ပေးဖို့ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီက တောင်းဆိုတယ်လို့ဆိုပါတယ်။