စစ်အုပ်စုက သံချပ်ကာကားတွေ ရဟတ်တွေကို အသုံးပြုပြီး MNDAAကို တိုက်ပွဲကြီးဖော်ဆောင်ဖို့ ပြင်ဆင်နေ

၁၉၊ ဒီဇင်ဘာလ၊ ၂၀၂၁။

အကြမ်းဖက်စစ်အုပ်စုဟာ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် MNDAA (ကိုးကန့်တပ်ဖွဲ့)ကို သံချပ်ကာကားတွေ စစ်သုံးလေယာဉ်တွေကိုပါ အသုံးပြုပြီး တိုက်ပွဲကြီးဖော်ဆောင်ဖို့အတွက် ပြင်ဆင်မှုတွေ လုပ်ဆောင်နေတယ်လို့ MNDAAက သတင်းထုတ်ပြန်လိုက်ပါတယ်။

အကြမ်းဖက်စစ်အုပ်စုနဲ့ MNDAAတိုက်ပွဲဖြစ်ပွားနေတာဟာ ၄လကျော်ကြာမြင့်နေပြီဖြစ်ပြီး စစ်အုပ်စုက နေ့စဉ်နီးပါး MNDAAရဲ့ မန်ရန်တပ်စခန်းနဲ့ ရှိကျိကျတောင်တန်းမှာရှိတဲ့ စခန်းတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

မုံးကိုးခရိုင်အတွင်းမှာလည်း စစ်အုပ်စုရဲ့ သံချပ်ကာကား ၃စီးရောက်ရှိနေပြီး တိုက်ပွဲအတွက် လိုအပ်တဲ့ ကတုတ်ကျင်းတွေကို ပြင်ဆင်ထားတယ်လို့ သိရပါတယ်။

“ဒီဇင်ဘာ ၁၈နေ့သတင်းအရ စစ်ကောင်စီသည် မုံးကိုးခရိုင်ရှိ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော်MNDAA(ကိုးကန့်) ၏တပ်စခန်းများကို အကြိမ်ကြိမ်ထိုးစစ်ဆင်တိုက်ခိုက်မှုများ မအောင်မြင်သည့် အတွက်ကြောင့် ၎င်းတပ်စခန်းများကို ပစ်ခတ်တိုက်ခိုက်နိုင်ရန်အတွက် စစ်ကောင်စီသည် တိုက်ပွဲအတွက် ပြင်ဆင်နေသည်ဟုကြားသိရပြီး နှစ်ဦးနှစ်ဘက်မှ တိုက်ပွဲကြီး မလွဲမရှောင် ထိတွေ့လာနိုင်မည်ဟု သုံးသပ်မိပါ သည်”လို့ MNDAAက ဖော်ပြထားပါတယ်။

အကြမ်းဖက်စစ်အုပ်စုဟာ ဒီဇင်ဘာလ ၁၃ရက်ကနေ ၁၆ရက်နေ့အထိ MNDAAရဲ့ မုံးကိုးခရိုင် တပ်စခန်းတွေကို စစ်ရဟတ်ယာဉ်တွေ တိုက်လေယာဉ်တွေနဲ့ ၁၄ကြိမ်အထိ လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဓာတ်ပုံ- MNDAA