ကြာအင်းဆိပ်ကြီးမြို့နယ်မှာ တိုက်ပွဲဖြစ်ပွားပြီး အာရှလမ်းမှာ စစ်အုပ်စုကား မိုင်းထိ

၁၆၊ ဒီဇင်ဘာလ၊ ၂၀၂၁။

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် တပ်မဟာ (၆) ထိန်းချုပ်နယ်မြေဖြစ်တဲ့ ခလယ်တံခွန်တိုင်ကျေးရွာအုပ်စု ပုလိန်ကျေးရွာအနီးမှာ အကြမ်းဖက်စစ်အုပ်စုနဲ့ KNLAတို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်အုပ်စုက ၂ဦးသေဆုံးခဲ့တယ်လို့ ဒေသတွင်း သတင်းအရင်းမြစ်တွေအရ သိရပါတယ်။

ဒီကနေ့ ဒီဇင်ဘာလ ၁၆ရက်နေ့ ညနေ ၃နာရီခန့်မှာ ပုလိန်ကျေးရွာအတွင်းကို ကားတစ်စင်းနဲ့ နယ်မြေကျူးကျော်ဝင်ရောက်လာတဲ့ စစ်အုပ်စုနဲ့ KNLAတို့အကြား ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်အုပ်စုက ၂ဦးသေဆုံးကာ ၂ဦးဒဏ်ရာရရှိခဲ့ပြီး KLNAက တပ်ဖွဲ့ဝင်တစ်ဦး ခြေထောက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသတွင်းသတင်းတွေကို ဖော်ပြနေတဲ့ ကော့ကရိတ်ပွင့်လင်းသတင်းစဉ်မှာ ဖော်ပြထားပါတယ်။

ပစ်ခတ်မှုဖြစ်စဉ်အတွင်း ကျေးရွာထဲကို ကျူးကျော်ဝင်ရောက်ခဲ့တဲ့ စစ်အုပ်စုရဲ့ မော်တော်ယာဉ်ရဲ့ဘီးကို ကျည်ထိမှန်ခဲ့တာကြောင့် ပြည်လည်ထွက်ခွာလို့မရဘဲ ပုလိန်ကျေးရွာအလွန် ငြိမ်ချမ်းမြိုင်ရွာထိပ်မှာ စခန်းချပြီး တပ်ကူစောင့်ဆိုင်းနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် ညနေ ၃နာရီ ၃၀မိနစ်ခန့်မှာ ကော့ကရိတ်မြို့ကနေ မြဝတီမြို့ဖက်ကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်အုပ်စုရဲ့ မော်တော်ယာဉ် ၅စီးကို KNLAက ကော့ကရိတ်မြို့ အာရှလမ်းတလျှောက်မှာ ဆွဲမိုင်းတွေနဲ့ နေရာသုံးခုခွဲကာ တိုက်ခိုက်ခဲ့ပြီး စစ်အုပ်စုက ၁၀ဦးခန့် သေဆုံးနိုင်တယ်လို့ သိရပါတယ်။

ထိတွေ့တိုက်ပွဲတွေနဲ့ ပက်သက်ပြီးတော့ KNLAကတော့ သီးခြားသတင်းထုတ်ပြန်လာခြင်း မရှိသေးပါဘူး။

အကြမ်းဖက်စစ်အုပ်စုဟာ လေးကေကော်မြို့အတွင်းမှာ တိုက်ပွဲဆင်နွှဲနေပြီး လေးကေကော်မြို့အတွင်း ပိတ်နေတဲ့ စစ်အုပ်စုကို တပ်ကူတွေပို့ဆောင်ဖို့ လုပ်ဆောင်နေရာမှာ KNLAရဲ့ ကြားဖြတ်တိုက်ခိုက်မှုတွေကြောင့် အောင်မြင်ခြင်းမရှိသေးဘူးလို့ သိရပါတယ်။

KNUထိန်းချုပ်နယ်မြေဖြစ်တဲ့ လေးကေကော်မြို့အတွင်းကို အကြမ်းဖက်စစ်အုပ်စုက ဝင်ရောက်ရှာဖွေ ဖမ်းဆီးမှုတွေ လုပ်ဆောင်အပြီးမှာ တိုက်ပွဲတွေဆက်တိုက်ဖြစ်ပေါ်နေတာပဲဖြစ်ပါတယ်။