တစ်လအတွင်း အကြမ်းဖက်စစ်သား ၂၀၀၀ကျော် သေဆုံး

၁၃၊ဒီဇင်ဘာလ၊ ၂၀၂၁။

တစ်လတာကာလအတွင်း အကြမ်းဖက်စစ်သား၂၀၀၀ကျော်သေဆုံးခဲ့တယ်လို့ NUGအစိုးရက ထုတ်ပြန်လိုက် ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရက စက်တင်ဘာလ ၇ ရက်နေ့မှာ အရေးပေါ်အခြေအနေ ကြေငြာပြီးတဲ့နောက် နိုဝင်ဘာလ ၇ ရက်နေ့ကနေ ဒီဇင်ဘာလ ၆ ရက်နေ့ထိ ၁ လတာကာလအတွင်း စစ်အုပ်စုဘက်က သေဆုံးသူ ၂၁၁၇ ယောက်နဲ့ ဒဏ်ရာရသူ ၆၈၂ ယောက်ရှိခဲ့တယ်လို့ NUG အစိုးရရဲ့ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။

အဲဒီတလအတွင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်အုပ်စုကြား တိုက်ပွဲ ၄၁၇ ကြိမ်နဲ့ ဗုံးပေါက်ကွဲမှု ၃၇၀ ကြိမ်ဖြစ်ပွားခဲ့ပြီး တိုက်ပွဲဖြစ်ပွားမှု အများဆုံးက ၁၇၁ ကြိမ်နဲ့ စစ်ကိုင်းတိုင်းဖြစ်တယ်လို့ သိရပါတယ်။

‘စစ်ကိုင်းတိုင်းထဲမှာက စစ်ခွေးတွေရဲ့စစ်ဆင်ရေးကြောင့်တိုက်ပွဲပိုများတယ်လို့ထင်တယ်။သိရသလောက် ကျွန်တော်တို့ PDF တွေဘက်က အကျအဆုံးနည်းပေမဲ့ စစ်ခွေးတွေက သူတို့သေပြီဆို တွေ့ရာမြင်ရာ PDF နဲ့ မဆိုင်တဲ့ ပြည်သူတွေကို သတ်တာ ရွာတွေထဲဝင်ပြီး လုယက်တာမီးရှို့တာတွေကိုတော့ ကျွန်တော်တို့ဒေသခံ တွေခံခဲ့ရတယ်’လို့ စစ်ကိုင်းတိုင်း၊ယင်းမာပင်ခရိုင်အတွင်းရှိ PDF ခေါင်းဆောင်တစ်ဦးကပြောပါတယ်။

နောက်ထပ် တိုက်ပွဲဖြစ်ပွားမှုက မကွေးတိုင်းမှာ ၄၁ ကြိမ်၊ ရန်ကုန်တိုင်းမှာ ၃၂ ကြိမ်၊ ရှမ်းပြည်နယ်မှာ ၂၅ ကြိမ်၊ မန္တလေးတိုင်းမှာ ၂၂ကြိမ်၊ ကချင်ပြည်နယ်မှာ ၂၂ ကြိမ်၊ကရင်ပြည်နယ်မှာ ၂၁ ကြိမ်၊မွန်ပြည်နယ်မှာ အကြိမ် ၂၀ ၊ ချင်းပြည်နယ်မှာ အကြိမ် ၂၀၊ပဲခူးတိုင်းမှာ ၁၇ကြိမ်၊ ကယားပြည်နယ်မှာ ၁၁ ကြိမ်၊ တနင်္သလာရီတိုင်းမှာ ၆ ကြိမ် ၊ရခိုင်ပြည်နယ်မှာ ၅ ကြိမ်နဲ့ ဧရာဝတီတိုင်းမှာ ၄ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။