၉၊ဒီဇင်ဘာလ၊ ၂၀၂၁။
မြန်မာနိုင်ငံအရှေ့တောင်ပိုင်း မြို့နယ်အတော်များများမှာ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီး ပြည်သူတွေနေရပ်စွန့်ထွက်ပြေးရတာဆက်လက်ဖြစ်ပွားနေတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး(UNOCHA)ကထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံအရှေ့တောင်ပိုင်းက မြို့နယ်အတော်များများမှာ အကြမ်းဖက်စစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေ၊ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွား နေတယ်လို့ဆိုပါတယ်။
ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်းက မြို့နယ်တွေမှာတော့ တိုက်ပွဲတွေနေ့စဉ်ဖြစ်ပွားသလို တိုက်ပွဲ ပြင်းထန်နေပါတယ်။ အဲဒီတိုက်ပွဲတွေကြောင့် ကယားပြည်နယ် ဖရူဆိုမြို့နယ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်အတွင်းမှာ ထွက်ပြေးတိမ်းရှောင်ရသူတွေရှိပြီး နေရပ်စွန့်ခွာထွက်ပြေးရသူ လူဦးရေကိုတော့ အတည်ပြုလို့မရနိုင်သေးဘူးလို့ UNOCHA ကထုတ်ပြန်ပါတယ်။
ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ရဲ့ နိုဝင်ဘာ ၂၉ ရက်နေ့ ကိန်းဂဏန်းတွေအရ ဖေဖေါ်ဝါရီလ ၁ ရက်နေ့ကတည်းက ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ကယား၊ ကရင်၊ မွန်၊ ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ တနင်္သာရီတိုင်းတို့မှာ နေရပ်စွန့်ခွာလာသူ ၁၇၃,၅၀၀ ခန့် ရှိနေပြီးအဲဒါဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်ကထက် ၇၀၀ ကျော်များပြားလာတာလို့သိရပါတယ်။