ဘူရန်ဒီနိုင်ငံ အကျဉ်းထောင်မှာ မီးလောင်လို့ အကျဉ်းသား ၃၈ ဦးသေဆုံးပြီး ၇၀ နီးပါး ဒဏ်ရာရ

၈၊ ဒီဇင်ဘာလ၊ ၂၀၂၁။

ဘူရန်ဒီနိုင်ငံ အကျဉ်းထောင်တစ်ခုမှာ မီးလောင်မှု ဖြစ်ပွားလို့ အကျဉ်းသား ၃၈ ဦး သေဆုံးပြီး ဒါဇင်နဲ့ချီ ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ CBC သတင်းဌာနက ဖော်ပြပါတယ်။

ဂျီတီဂါမြို့မှာရှိတဲ့ အဲ့ဒီ အကျဉ်းထောင်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၇ ရက်နေ့၊ မနက်အစောပိုင်းမှာ မီးလောင်မှု ဖြစ်ပွားခဲ့တာပါ။

ဘူရန်ဒီ အာဏာပိုင်တွေကလည်း ဒီအဖြစ်အပျက်ကို တရားဝင်ထုတ်ပြန်အသိပေးခဲ့ပြီး အကျဉ်းသား ၃၈ ဦး သေဆုံးခဲ့သလို အနည်းဆုံး ၇၀ နီးပါးလောက် ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

လက်ရှိ သေဆုံးသွားတဲ့ အကျဉ်းသားဦးရေထက်လည်း တိုးလာဖွယ်ရှိနေတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

ဂျီတီဂါ အကျဉ်းထောင်ဟာ အကျဉ်းသား ၄၀၀ ကျော်သာဆန့်တဲ့ အကျဉ်းထောင်တစ်ခုဖြစ်ပေမယ့် လက်ရှိမှာ အကျဉ်းသား ၁,၅၀၀ ကျော်လောက်ကို ထားရှိထားတာဖြစ်တယ်လို့ အစီရင်ခံစာတစ်ခုက ဆိုပါတယ်။

ဘူရွန်ဒီပြည်ထဲရေးဝန်ကြီးဌာနကတော့ မီးလောင်မှုဟာ လျှပ်စစ်ဝါယာရှော့ကနေ ဖြစ်ပွားခဲ့တာလို့ တွစ်တာမှာ ရေးသားဖော်ပြထားပါတယ်။