ကိုဗစ်အစီအမံတွေနဲ့ ပတ်သက်လို့ ဘယ်လ်ဂျီယံနိုင်ငံမှာ ဆန္ဒပြပွဲတွေဖြစ်ပေါ်

၆၊ ဒီဇင်ဘာလ၊ ၂၀၂၁။

ဘယ်လ်ဂျီယံအစိုးရက ချမှတ်လိုက်တဲ့ ကိုဗစ်ကာကွယ်ရေး အစီအမံတွေကို မကျေနပ်လို့ ထောင်ချီတဲ့ ဆန္ဒပြသူတွေဟာ လမ်းပေါ်ထွက်ပြီး တောင်းဆိုမှုတွပြုလုပ်ခဲ့ကြပါတယ်။

လက်ရှိမှာတော့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ဆန္ဒပြပြည်သူတွေဟာ ထိပ်တိုက်တွေ့ဆုံမှုတွေဖြစ်ပေါ်လာပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာ ၅ ရက်နေ့မှာ မီးသတ်ပိုက်တွေနဲ့ပါ လူစုခွဲတာတွေ ပြုလုပ်ခဲ့တာပါ။

ဆန္ဒပြ ပြည်သူတွေဟာ လက်ရှိနိုင်ငံမှာ မလုပ်မနေရ ချမှတ်ထားတဲ့ ကိုရိုဗိုင်းရပ်စ် ကာကွယ်ရေး အစီအမံတွေကို မကြိုက်နှစ်သက်ကြဘဲ ဆန့်ကျင်နေကြတာပါ။ 

ဆန္ဒပြသူတွေရဲ့ အခြေအနေကို အနီးကပ်စောင့်ကြည့်ဖို့ စေလွှတ်ခဲ့တဲ့ ဒရုန်းနှစ်စင်းနဲ့ ရဟတ်ယာဉ် တစ်စင်းကိုလည်း ဆန္ဒပြသူတွေက မီးရှူးမီးပန်းတွေအပြင် ဘီယာဗူးတွေနဲ့ ပစ်ပေါက်ခဲ့ကြပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေကလည်း မျက်ရည်ယိုဗုံးတွေနဲ့ ပြန်လည်ပြီး ပစ်ခတ်ခဲ့ပါတယ်။

မြို့တော်ဘရက်ဆဲလ်မှာတော့ ရုန်းရင်းဆန်ခတ်တွေဖြစ်ပေါ်နေပြီး ဆန္ဒပြမှုဟာ ပိုမိုပြီး ပြင်းထန်လာခဲ့ပါတယ်။ လက်ရှိမှာ အာဏာပိုင်တွေရဲ့ မထိုးမနေရ ကာကွယ်ဆေး ထိုးနှံမှု ကိစ္စရပ်တွေကိုလည်း ဆန္ဒပြပြည်သူအချို့က လက်မခံနိုင်ဘဲ ရှိနေပါတယ်။ သူတို့က ကာကွယ်ဆေးအပေါ် သံသယ ဖြစ်နေတာပါ။ 

ဆန္ဒ‌ပြ ပြည်သူတွေဟာ “ကာကွယ်ဆေးကို အတင်းအကျပ်ပေးပိုင်ခွင့်မရှိ”၊ “လွတ်လပ်မှု” စတဲ့ စာရွက်စာတမ်းတွေကို ကိုင်ဆောင်ပြီး ဆန္ဒပြခဲ့ကြတာပဲဖြစ်ပါတယ်။ 

လူဦးရေ ၁၁ သန်းကျော် ရှိတဲ့ ဘယ်လ်ဂျီယံနိုင်ငံဟာ လွန်ခဲ့တဲ့ ရက်သတ္တပတ်အတွင်း ကိုဗစ်နေ့စဉ် ကူးစက်မှုဦးရေ  တစ်သောင်းရှစ်ထောင် နီးပါးလောက် ရှိပြီး သေဆုံးသူ ၄၄ ဦးအထိ ရှိခဲ့ပါတယ်။