ပြည်သူ့ရင်ခွင်ခိုလှုံသူများလေ ပြည်တွင်းစစ်တိုတောင်းစေမယ်လို့ ယာယီသမ္မတ ပြော

၂၉၊ နိုဝင်ဘာလ၊ ၂၀၂၁။

ပြည်သူ့ရင်ခွင် ခိုလှုံတဲ့ စစ်သားနဲ့ရဲများလာလေ သွေးထွက်သံယိုမှုနည်းပြီး ပြည်တွင်းစစ်ကို တိုတောင်းစေမှာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူးဝါလရှီးလက ပြောပါတယ်။

ဒီနေ့မနက်၁၀နာရီက ပြုလုပ်တဲ့ “ပြည်သူ့အစိုးရနှင့် ပြည်သူ့ရင်ခွင် ခိုလှုံသူများ” ဆွေးနွေးပွဲမှာ ယာယီသမ္မတက အခုလိုထည့်သွင်းပြောကြားခဲ့တာပါ။

ပြည်သူ့ရင်ခွင် ကော်မတီဖွင့်လှစ်ရခြင်းရဲ့အဓိကရည်မှန်းချက်မှာ သွေးမြေကျမှု အနည်းဆုံးနဲ့ စစ်အာဏာရှင်ပြုတ်ကျရေးကို အောင်မြင်စွာ ဆောင်ရွက်နိုင်ဖို့အတွက်ဖြစ်တယ်လို့ နိုင်ငံတော်ယာယီသမ္မတ ဒူးဝါလရှီးလ ကပြောပါတယ်။

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် နဲ့ လက်နက်မဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် သတ်ဖြတ်မှုတွေကို ဆန့်ကျင်ပြီး ပြည်သူနဲ့အတူ ရပ်တည်လာခဲ့ကြတဲ့ ပြည်သူ့စစ်သားတွေနဲ့ ပြည်သူ့ရဲတွေကို ပြည်သူလူထုအားလုံးကိုယ်စား အထူးလေးစား ကျေးဇူးတင်ရှိကြောင်းလည်း ယာယီသမ္မတက ထည့်သွင်း ပြောကြားခဲ့ပါတယ်။

“ပြည်သူ့အစိုးရနှင့် ပြည်သူ့ရင်ခွင် ခိုလှုံသူများ” ဆွေးနွေးပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူးဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနဲ့ပြည်ထောင်စုဝန်ကြီးတွေအပါအဝင် ဦးမင်းကိုနိုင် လည်း တက်ရောက်ဆွေးနွေးခဲ့ပါတယ်။

ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အကြမ်းဖက်စစ်အုပ်စုအနေနဲ့ ပြည်သူ့ရင်ခွင် ခိုလှုံရေးအစီအစဉ်ကို အင်မတန်ကြောက်ရွံ့ပြီး ဖျက်လိုဖျက်ဆီးလုပ်နေတာမို့ သတိထား ဆောင်ရွက်ကြဖို့နဲ့ တပ်မတော်သားနဲ့ ရဲဝန်ထမ်းတွေရဲ့ ကောင်းမွန်တဲ့ အတွေ့အကြုံတွေ၊ အတွေးအခေါ်တွေ နဲ့စွမ်းဆောင်ရည်တွေကို နွေဦးတော်လှန်ရေးကြီးမှာ အပြည့်အ၀ ပေါင်းစပ်ကူညီ ပေးနိုင်ဖို့ အမှန်တကယ်လိုလားတယ်လို့ပြောပါတယ်။

အမျိုးသားညီညွတ်ရေး အစိုးရ လုပ်ဆောင်နေတဲ့ ပြည်သူ့ရင်ခွင်ခိုလှုံသူများ အခန်းကဏ္ဍဟာ နွေဦးတော်လှန်ရေးအတွင်း အရေးကြီးတဲ့ အခန်းကဏ္ဍတခု ဖြစ်ပြီး ပြည်သူ့ရင်ခွင် ခိုလှုံလာသူတွေ နေရေးထိုင်ရေးအတတ်နိုင်ဆုံး အဆင်ပြေအောင် သက်ဆိုင်ရာဒေသတွေက EAOs တွေနဲ့ ချိတ်ဆက်လုပ် ဆောင်ပေးနေကြောင်းလည်း သိရပါတယ်။