ကာရစ်ကို နည်းပြတစ်ယောက်အဖြစ် အမည်သတ်မှတ်လို့ မဖြစ်နိုင်သေးဘူးလို့ ပေါလ်စခိုးနဲ့ ဖာဒီနန် မှတ်ချက်ပြု

 

၂၄၊ နိုဝင်ဘာ၊ ၂၀၂၁။

ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ဗီလာရီးရဲလ်ကို ၂ ဂိုးပြတ်နဲ့ အနိုင်ရပြီးနောက် အဲ့ဒီပွဲစဉ်ကို တာဝန်ယူခဲ့တဲ့ ကာရစ်ကို နည်းပြတစ်ယောက်အဖြစ် အမည်သတ်မှတ်လို့ မဖြစ်နိုင်သေးဘူးလို့ မန်ယူဂန္ထဝင်တွေဖြစ်တဲ့ ပေါလ်စခိုးနဲ့ ဖာဒီနန်တို့က မှတ်ချက်ပြု ပြောကြားလိုက်ပါတယ်။

ဆိုးလ်ရှားကို ထုတ်ပယ်လိုက်အပြီးမှာ ကာရစ်က အသင်းကို ဦးဆောင်နေဦးမှာဖြစ်ပေမယ့် ချန်ပီယံလိဂ်မှာ ရလဒ်ကောင်းခဲ့တဲ့အပေါ်မှာတော့ သူတို့နှစ်ဦးစလုံးက မိုက်ကယ်ကာရစ်အပေါ် ယုံကြည်လို့ မရသေးဘဲ ရှိနေခဲ့တာပါ။ 

မန်ယူဟာ ဗီလာရီးရဲလ်နဲ့ပွဲက  နိုင်ပွဲကြောင့် ချန်ပီယံလိဂ် ၁၆ သင်း၊ ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခဲ့ပြီဖြစ်ပြီး ဆိုးလ်ရှားလက်ထက်က ပွဲထွက်ခွင့်မရခဲ့တဲ့ ကစားသမားတွေလည်း ခြေစွမ်း ပြသနိုင်ခဲ့တာကို တွေ့မြင်ခဲ့ရပါတယ်။

ဒါပေမဲ့ မန်ယူဂန္ထဝင် ပေါလ်စခိုးကတော့ တစ်ပွဲသာ ကိုင်တွယ်ခွင့်ရတဲ့အနေအထားမှာ ကာရစ်ကို နည်းပြတစ်ယောက်အဖြစ် အမည်သတ်မှတ်ပေးလို့ မဖြစ်နိုင်သလို လိုအပ်ချက်တွေ အများအပြားရှိနေသေးလို့ အခုလို မှတ်ချက်ပြုခဲ့တာပါ။ 

ဖာဒီနန်ကလည်း ပေါလ်စခိုးရဲ့ အဆိုကို လက်ခံပြီး မန်ယူအသင်းကို မိုက်ကယ်ကာရစ်လက်ထဲ အလုံးစုံ ပုံအပ်ပစ်လိုက်ဖို့ မဖြစ်နိုင်သေးတဲ့အကြောင်းကို အခိုင်အမာဆိုခဲ့တာပဲဖြစ်ပါတယ်။